ပျဉ်းမနား ၂၆ ဇွန်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး ဂိုဒေါင်တစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၅ ရက်ည ၁၁ နာရီအချိန်က ပျဉ်းမနားမြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းမင်းသည် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်သာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် အသိသက်သေများပါဝင်၍ သွားရောက်စစ်ဆေးရာ ကျော်ညီနောင်ရပ်ကွက် အမှတ်(၁/၅)နေ ဦးချစ်ဇော်ဇော်(၃၁)နှစ် အရောင်းအဝယ်လုပ်ငန်း၏ နေအိမ်အနောက်ဘက်ခြမ်း အဟောင်းပစ္စည်းများ ထားသည့်(၃၀×၃၀)ပတ်လည် သွပ်မိုး၊ အထပ်သားကာရံထားသော ဂိုဒေါင်အတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီး ၎င်းဂိုခေါင်မှတစ်ဆင့် ဂိုဒေါင်အနီး ခြံဝန်းအတွင်းရပ်တန့်ထားသော ယာဉ်ကို ထပ်မံမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ မီးသတ်ယာဉ်(၉)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့လျော့စွာအသုံးပြုသူ အိမ်ရှင် ဦးချစ်ဇော်ဇော် အားပျဉ်းမနား မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းလတ်(ရူပဗေဒ)