စလင်း  ၂၆ ဇွန်  


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


စလင်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀ဝ)ဖြင့် ကူရင်းချောက် ကျေးရွာ၌ ကျေးရွာတွင်း အရှည်ပေ ၅၂၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိသော မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဇီးကုန်းကျေးရွာတွင် စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ကျေးရွာတွင်း အရှည်ပေ ၄၈၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိသော မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း၊ သရက်ကုန်းကျေးရွာတွင်စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၆၄၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိသောမြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ယခုနှစ်ဧပြီလအတွင်းက စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ဝေဇင်ဝင်းကပြောပြသည်။


အဆိုပါလုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီး၍ ကျေးရွာသုံးရွာရှိ အိမ်ခြေ ( ၄၈၂ ) အိမ်မှ လူဦးရေ ( ၂၃၂၆ ) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ကပြောသည်။


စလင်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၄၀ဝ)ဖြင့်  ကျေးရွာ ( ၁၄ )ရွာတွင် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၂)ခု၊ ကျေးရွာ အဝင်လမ်းမြေနီကျောက်စရစ်ခင်းခြင်း  လုပ်ငန်း(၂)ခုတို့အား သတ်မှတ် ဘဏ္ဍာနှစ်အမှီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ သိရသည်။
ငြိမ်းသူ(စလင်း)