ဆိပ်ဖြူ  ၂၆  ဇွန်    

 
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကမ္ဘားကြီးကျေးရွာအုပ်စု၊ ဂွေးပင်ချောင်းကျေးရွာ၌ အလှူရှင်၊ ပြည်သူ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးဌာန၊ ယူနီဆက်တို့ ပူးပေါင်း၍  ဆိုလာစနစ်ဖြင့် ရေတင်၍ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ဂွေးပင်ချောင်းကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ယူနီဆက်မှ ၈၀ ဝပ်ဆိုလာပြား ၂၈ ချပ်၊ ဆိုလာပန့် တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ ရေသွယ်ပိုက်များ ထောက်ပံ့ခြင်း၊ အလှူရှင်မှ လေးလက်မအကျယ် အနက်ပေ ၄၈၀ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဂါလန် ၁၀ဝ၀ဝ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ ကျေးရွာနေပြည်သူများက ပိုက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းနှင့် လုပ်အားများ ထည့်ဝင်ခြင်း၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ ပံ့ပိုးခြင်းတို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆိုလာပြား၊ ဆိုလာပန့်များ တပ်ဆင်ပြီးစီး၍ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် ပြောပြချက်အရ သိရသည်။

 

1

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။


ဆိပ်ဖြူမြို့နယ်အတွင်း ၂၀၁၈- ၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ဂွေးပင်ချောင်း ကျေးရွာအပါအဝင် ကျေးရွာ (၁၀)ရွာ၌ ပြည်သူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်တို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဦး

 

1