မန္တလေး ၂၆ ဇွန်
စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ငန်းရှင်များ ယှဉ်ပြိုင်ရာတွင် မှန်ကန်မှု မရှိပါက တိုင်ကြားလာလျင်ဖြစ်စေ၊ ကော်မရှင်မှ စုံစမ်းသိရှိလျင်ဖြစ်စေ အရေးယူနိုင်ကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။
ယှဉ်ပြိုင်မှုဆိုသည်မျာ ဈေးကွက်အတွင်းရှိ စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူကုန်သည်များနှင့် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်မိမိတို့ ကုန်စည်နှင့်ဈေးကွက်ဝေစု ပိုမိုရရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းများ အပြိုင် အဆိုင်ပြုလုပ်ခြင်းဖြစ်သည်။
“ဒီဥပဒေက ယှဉ်ပြိုင်မှုကို တားမြစ် ပိတ်ပင်တာ မဟုတ်ဘူး။ တရားသောယှဉ်ပြိုင်မှုဖြစ်စေတယ်။ Fair Competition Law ဖြစ်တယ်။ ယှဉ်ပြိုင်မှု မရှိရင် စံချိန်ဆိုတာမရှိဘူး။ တိုးတက်မှုလည်း မရှိနိုင်ဘူး” ဟု မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။
ယှဉ်ပြိုင်မှု ဥပဒေအရ ယှဉ်ပြိုင်မှုကော်မရှင်က မှန်ကန်သည့် နည်းလမ်းဖြင့် ယှဉ်ပြိုင်သည့် လုပ်ငန်းကို ကျွမ်းကျင်သူများပါဝင်သည့် စုံစမ်းရေးကော်မတီဖွဲ့စည်းပြီး လုပ်ငန်းအဖွဲ့မှ အောက်ခြေထိစုံစမ်းမည်ဖြစ်ကြောင်း သိရသည်။ စုံစမ်းရေးကော်မတီဖွဲ့စည်းပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အပြီးသတ်အစီရင်ခံစာတင် ရမည်ဖြစ်၍ လိုအပ်ချက်အရ ထပ်တိုးနိုင်မည်ဖြစ်ကာ အစီရင်ခံစာ ထွက်လာချိန်တွင် အရေးယူမှု ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အရေးယူမှုတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ သတိပေးခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း၊လုပ်ငန်းကို ယာယီ(သို့မဟုတ်) အပြီးတိုင်ပိတ်သိမ်းခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စီးပွာရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုများ ယှဉ်ပြိုင်ရာ၌ တရားမျှတမှုမရှိခြင်း၊အများပြည်သူကို ထိခိုက်နစ်နာခြင်းတို့ ရှိပါက ယှဉ်ပြိုင်မှု ကော်မရှင်သို့ တိုင်ကြားနိုင်ပြီးကော်မရှင်က စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်မှု ဥပဒေ မိတ်ဆက်ပွဲကို မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတွင် အခုလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ယဉ်ပြိုင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့အား နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှုဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌမှာ စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဖြစ်သည်။
အိမို့မို့ခိုင်


