ငပုတော ၂၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ ကျေးလက်နေပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သက္ကယ်ချောင်းစံပြကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွင်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး ကြီးကြပ်သူအရာရှိဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ မြို့နယ် လက်ထောက်လဝကမှူး ဒေါ်မေမြတ်နိုး၊မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးဦးဝင်းစိုးဦးနှင့် မြို့နယ် ကျန်းမာရေးမှူးဦးဌေးမြင့်တို့က ပြည်သူများအား မိမိတို့ဌာနနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သောဌာနများက ပြည်သူများအားကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဟောင်းနွမ်းပျက်စီးသည့် အိမ်ထောင်စုစာရင်းများ အသစ်ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်ပျက်စီးပျောက်ဆုံးခြင်းအတွက် မိတ္တူထုတ်ပေးခြင်း၊ မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ်များအား မှတ်ပုံတင်ပေးခြင်း၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်နှင့်မိမိမြို့နယ်မှ အခြားမြို့သို့ ပြောင်းရွှေ့ကြောင်း ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


