ဘားအံ ၂၆ ဇွန်
ကရင်ပြည်နယ်အတွင်း ၂၀၁၈-ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၀၁၉-ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း (၄၁၉)မှုမှ ကျားတရားခံ(၄၇၈) ဦး၊ မတရားခံ (၈၅) ဦး၊ စုစုပေါင်း(၅၆၃) ဦးတို့အား စိတ်ကြွရူးသွပ်ဆေးပြား(၂၉၁၆၂ ၈ဒသမ ၅)ပြား၊ ဆေးပြားအကြေ(ဝ.ဝ၇)ဂရမ်၊ အိုက်စ်(၁၅၂၂ဒသမ၃၅)ဂရမ်၊ ဆေးခြောက်(၂၂၃၉)ဂရမ်ခန့်၊ ဘိန်းစာရွက်အစို(၆၆၃၂)ဂရမ်၊ လက်နက်မျိုးစုံ(၁၂)လက်၊ လက်ပစ်ဗုံး(၅)လုံး၊ ကျည်မျိုးစုံ (၂၅၁)တောင့်၊ မော်တော်ယဉ်(၃၅)စီး၊ ဆိုင်ကယ်(၈၂)စီး၊ မြန်မာငွေ(၁၁၂)သိန်းကျော်၊ ထိုင်းဘတ်ငွေ(၁၈၃၅)ဘတ် တို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန် ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများ၊ တစ်နှစ်တာအတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းပါဝင်သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုရေး အသင်းအဖွဲ့များက ခင်းကျင်းပြသထားသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ပိုစတာပြိုင်ပွဲ ဆုရလက်ရာ များ၊ မူးယစ်ဆေးဝါးအသိပညာပေးပြခန်း၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပိုစတာများ၊ မှုခင်းပညာပေးပြခန်းနှင့် ပညာပေးယဉ်တို့အား ကြည့်ရှု့လေ့လာခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


