မုံရွာ  ၂၆   ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြစ်ချောင်းများအတွင်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးရာသီတွင် တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ ငါးသားပေါက် ကောင်ရေ(၂၈ ဒသမ ၅) သိန်းကို စိုက်ထည့်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။


“သဘာဝမြစ်ချောင်းတွေထဲက ငါးသယံဇာတတွေ ထုတ်ယူစားသုံးသလို၊ ရေရှည်စားသုံးနိုင်ဖို့ ထပ်မံ မျိုးထည့်စိုက်ထုတ် မွေးမြူမှဖြစ်မှာပါ၊ ရာသီဥတု ပြောင်းလဲလာလို့ပဲဖြစ်စေ၊ လူတွေနေ့စဉ် ထုတ်ယူစားသုံးလို့ပဲဖြစ်စေ သဘာဝငါးမျိုးစိတ်တွေ လျော့နည်းမှုမရှိစေဖို့ လုပ်ဆောင်ပေးတာဖြစ်တယ်၊ အဲဒါကြောင့် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေ ငါးစားသုံးမှုဖူလုံစေရေးနဲ့ ရေရှည်စားသုံးနိုင်ရေးအတွက် မြို့နယ်အလိုက်ရှိတဲ့ သဘာဝမြစ်ချောင်းတွေထဲကို နှစ်စဉ်မိုးရာသီတွေမှာ ငါးမျိုးတွေ စိုက်ထည့်ပေးတာပါ” ဟု ၎င်းကပြောသည်။ 


မြစ်ချောင်းများထဲသို့ ငါးမျိုးစိုက်ထည့်မည့် အစီအစဉ်အဖြစ် ချင်းတွင်းမြစ်အတွင်းသို့ မုံရွာမြို့နယ်တွင် ငါးသားပေါက်ကောင်ရေ (၈ ဒသမ ၅)သိန်း၊ ချောင်းဦးမြို့နယ်တွင် ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ မော်လိုက် မြို့နယ်တွင် ငါးသားပေါက်ကောင်ရေ (၁)သိန်းအားလည်းကောင်း၊  ဧရာဝတီမြစ်အတွင်းသို့ ကသာမြို့နယ် တွင် ငါးသားပေါက်ကောင်ရေ(၅)သိန်း၊  ရွှေဘိုမြို့နယ်တွင် ငါးသားပေါက်ကောင်ရေ (၂)သိန်း၊ ထီးချိုင့်မြို့နယ်တွင် ငါးသားပေါက်ကောင်ရေ (၄)သိန်း၊ စစ်ကိုင်းမြို့တွင် ငါးသားပေါက်ကောင်ရေ (၁)သိန်းအား လည်းကောင်း၊  ကလေးမြို့နယ် မြစ်သာမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ ပင်လည်ဘူး မြို့နယ်တွင် နမ်းမားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ(၁)သိန်းအားလည်းကောင်း၊ ရွှေဘိုမြို့နယ်တွင် ကျုံးအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်းနှင့် မဟာနန္ဒာကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁)သိန်းအားလည်းကောင်း၊  စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၈ ဒသမ ၅)သိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)