ကသာ ၂၆ ဇွန်        


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့မှ ကြီးမှူး၍ ဧရာဝတီလင်းပိုင် -ဝ၀၂ ရေယာဉ်လွှဲပြောင်းပေးအပ်ခြင်းနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားအား ယနေ့ နံနက်  ၇ နာရီအချိန်က ကသာမြို့၊ ဧရာဝတီမြစ်ကမ်းနားလမ်း View Point တွင် ကျင်းပခဲ့သည်။


ဧရာဝတီလင်းပိုင်များသည် ရေနေ နို့တိုက်သတ္တဝါဖြစ်ပြီး အရှတိုက်ရှိ မြစ်ကြီး အနည်းငယ်တွင်သာ ကျက်စားပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင်များဖြစ်သဖြင့် မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေရန်၊ ရေရှည်ဆက်လက်တည်တံ့စေရန် ထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများ ဖော်ဆောင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ဒေသခံ ငါးမျိုးစိတ်ပြုန်းတီးမှုကို ဖြစ်ပေါ်စေသော တရားမဝင် ငါးဖမ်းဆီးမှုများ ထိရောက်စွာ တားဆီးနိုင်ရန်နှင့်  ဧရာဝတီ လင်းပိုင်းထိန်းသိမ်းရေး အသိပညာပေးကင်းလှည့်ခြင်းစသည့် နေရာများတွင်  ဧရာဝတီ လင်းပိုင် -ဝ၀၂ ရေယာဉ်အား အသုံးပြုနိုင်ရန် ရည်ရွယ်၍ လွှဲပြောင်းပေးအပ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။

 

1


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ တို့မှ အမှာစကား ပြောကြားကာ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ Country Director ဦးစောထွန်း က ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဆိုင်ရာ ဧရာဝတီလင်းပိုင် -ဝ၀၂ ရေယာဉ် တည်ဆောက် ရခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ ငါးလုပ်ငန်းဦးစီးဌာနသို့ ဧရာဝတီလင်းပိုင် -ဝ၀၂ ရေယာဉ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး  အင်းဂရန်ကိုင်များသို့ အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ပေးအပ်ခဲ့သည်။


ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက ဧရာဝတီလင်းပိုင် -ဝ၀၂ ရေယာဉ်အား အမွေးနံ့သာများ ပက်ဖြန်းဖွင့်လှစ်ခဲ့ပြီး ဧရာဝတီလင်းပိုင် -ဝ၀၂ ရေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်အဖြစ် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။

    
နိုင်လင်းထက်(ပြန်/ဆက်)

 

1