လွိုင်ကော် ၂၆ ဇွန်
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သတ္တုတူးဖော်ထုတ်လုပ်ခွင့် လျှောက်ထားဆဲကာလ(အကြီးစား/ အလတ်စား/ အသေးစား/ လက်လုပ်လက်စား)အတွင်း သတ္တုတူးဖော် ထုတ်လုပ်နေမှုနှင့် ပတ်သက်၍ သိရှိလိုကြောင်း၊ Third Party (QC) အဖွဲ့များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ စီမံဆောင်ထားသည်ကို သိရှိလိုကြောင်း၊ လွိုင်ကော်မြို့နယ် တရားရုံးတွင် ကျမ်းကျိန်ခအဖြစ် ပေးဆောင်ရသော ငွေကျပ်သုံးသောင်းသည် နိုင်ငံတော်၏ အခွန်ကဏ္ဍကို မည်သည့်အပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးသည်ကို သိရှိလိုကြောင်း၊ ကယားပြည်နယ်အတွင်း အခွန်ကောက်ခံမှုကို စနစ်တကျ စီမံဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း၊ ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စု ပလဲ့လယ်ကျေးရွာ၊ နန်းခွီးခိုကျေးရွာနှင့် ပလိုဒေးခိုကျေးရွာများအတွက် ရေသွယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း၊ တောင်သူများ၏ ဒေသထွက်ကုန်အား ဈေးကွက် ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင်အတွင်း အသက်ဆုံးရှုံးခဲ့ သော အလုပ်သမားများ၏ နစ်နာကြေး၊ လျော်ကြေးကိစ္စ၊ ဝန်ထမ်းခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးခွန်းများကို မေးမြန်းပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက မေးမြန်းချက်အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်မောင်ထွန်း တင်ပြသော ကယား ပြည်နယ်အတွင်း လယ်ယာမြေကို အခြားနည်းလမ်းအသုံးပြုခွင့် မရရှိဘဲ အကွက်ရိုက်ရောင်းချသူများ၊ အဆောက်အဦ ဆောက်လုပ်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့်ကိစ္စတို့အား လျင်မြန် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုနှင့် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်နိုင်ဦး တင်ပြသော ကယားပြည်နယ်အစိုးရအဖွဲ့ပိုင် ယာဉ်ယန္တရားများအား လေလံစနစ်ဖြင့် အမြန်ဆုံးရောင်းချ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းပေးရန် တိုက်တွန်းကြောင်း အဆို များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့သည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ထပ်မံတိုးမြှင့်သည့် လျာထားချက်စာရင်းများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)