နေပြည်တော် ၂၆ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးပြုပြင် ပြောင်းလဲဆောင်ရွက်နေမှုများသည် နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ အခြေခံအချက်အလက်၊ သုတေသန၊ အစီရင်ခံစာများစနစ်တကျပြုလုပ်၍ (KG+12) သူငယ်တန်း အပေါင်းတစ်ဆယ့်နှစ်တန်း ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယုံယုံကြည်ကြည်နှင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ကျောင်းသားကျောင်းသူများအား အလွတ်ကျက်မှတ်မှုစနစ်မှ (၂၁)ရာစု ကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပြေပြစ်စွာ ဆက်သွယ်ဆက်ဆံနိ်ုင်ခြင်း၊ စူးစမ်းလေ့လာမှုကို အခြေခံကာ ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိအောင် ဆရာ ဆရာမများက အကောင်ထည်ဖော် ဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာသောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးနှင့် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတွင်းအားကစား ပြိုင်ပွဲများ၊ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ခြင်းများနှင့် အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ရုံးသုံးမြန်မာဘာသာစကားကို တတ်ကျွမ်းရန်လည်း အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးစနစ် အောင်မြင်နိုင်ရေးအတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့အစည်းများနှင့် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဆရာ၊ ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိ်ုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့ တက္ကသိုလ်သို့ရောက်ရှိပြီး ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ စီမံဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အဆင့်မြင့်ပညာရေး ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာသူများက အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြ၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိ်ုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


