နေပြည်တော် ၂၆ ဇွန်

လုပ်ကွက်ငယ် တောင်သူလယ်သမားများအပါအဝင် လျှောက်ထားလိုသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် Landesa အဖွဲ့က လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များနှင့် လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်လွှာပုံစံများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။ ဆက်လက်၍ Landesa အဖွဲ့မှ ကိုယ်စားလှယ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လျှောက်လွှာပုံစံများကို ပေးအပ်လှူဒါန်းရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လက်ခံရယူသည်။

၂၀၁၂ ခုနှစ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၄ ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈) ကို ပြင်ဆင်ပြဋ္ဌာန်းပြီး မြေယာမဲ့နိုင်ငံသားများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများ အပါအဝင် ခွင့်ပြုမိန့် မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရယူအသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ လျှောက်ထားနိုင်ရန် လိုအပ်သည်။

မေ ၂၂ ရက်က ကျင်းပသည့် Landesa အဖွဲ့၏ မြေယာလုပ်ပိုင်ခွင့်ဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များအရ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာတွင်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)အရ မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးလုပ်ကိုင် မွေးမြူလိုသူများအတွက် ဥပဒေနှင့်အညီ လျှောက်ထားနိုင်ရေး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များနှင့် လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်လွှာပုံစံများကို တောင်သူလယ်သမားများလက်ဝယ်သို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးကူညီ ပေးလိုကြောင်း ညှိနှိုင်းချက်အရ ယခုကဲ့သို့ လျှောက်လွှာပုံစံများ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ယနေ့အထိ လုပ်ငန်း ဆောင်ရွက်လိုသူများထံသို့ လျှောက်လွှာပုံစံပေါင်း ၅ သိန်းကျော်ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်