နေပြည်တော် ၂၆ ဇွန်
“(၂၀၁၈) ခုနှစ် အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် နှစ်စဉ်လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲများကို ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တီဘီရောဂါဆိုင်ရာဆရာဝန်ကြီးများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ထမ်းများ စုံလင်စွာပါဝင်နိုင်ရန် ဖိတ်ကြားဆွေးနွေးခြင်းသည် နိုင်ငံအတွက် အထူးအကျိုးရှိပါကြောင်း၊ ဝန်ကြီးဌာန၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရရှိနေပြီ ဖြစ်သော်လည်း တီဘီရောဂါဖြစ်ပွားမှုများသည် မြန်မာနိုင်ငံ၌ ပြည်သူ့ကျန်းမာရေး ပြဿနာ (public health problem) တစ်ရပ်အဖြစ်ရှိနေပြီး ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ (၃၀) တွင် ဆက်လက်ပါဝင်နေသေးပါကြောင်း၊ အဆိုပါ တီဘီရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများစာရင်း၌ မပါဝင်စေရန် ပိုမို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
စာရင်းဇယား အချက်အလက်ခန့်မှန်းချက်များအရ (၂၀၁၈) ခုနှစ်တွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းသည် (၂၀ဝ၉) ခုနှစ်အခြေအနေနှင့် နှိုင်းယှဉ်လျှင် (၅၀) ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊(၂၀၁၈) ခုနှစ်တွင် မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားနိုင်သူ (၁၈၀ဝ၀ဝ)ဟု ခန့်မှန်းထားသော်လည်း မိမိတို့အနေဖြင့် (၁၃၆၀ဝ၀) ဦးခန့်ကိုသာရှာဖွေဖော်ထုတ် ကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါခန့်မှန်းချက်များ တိကျမှန်ကန်မှုရှိပါက တီဘီရောဂါဖြစ်ပွားသော်လည်း မိမိကိုယ်တိုင် သတိပြုမိမှုမရှိသော (missing case) တီဘီရောဂါလူနာ (၄၅၀ဝ၀) ခန့်ကို ဆက်လက်ရှာဖွေ၍ ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊
တီဘီရောဂါ၏ စာရင်းဇယားပေးပို့မှု ပုံစံစနစ် (data transmission system) နှင့် ရရှိလာသော စာရင်းဇယားများကို ဗဟိုအဆင့်အနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်မှ သုံးသပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ အခြေအနေကို ပြန်လည် အကြောင်းကြားရမည့် လုပ်ငန်းမှာ တီဘီရောဂါဖြစ်ပွားမှုထိန်းချုပ်မှုအတွက် အထူးအရေးကြီးပါကြောင်း၊ စာရင်းဇယားအချက်အလက်များ တိကျမှန်ကန်မှုရှိမှသာ မဟာဗျူဟာများ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရာတွင်လည်းကောင်း၊ လုပ်ငန်း အောင်မြင်မှုအခြေအနေကို ဆန်းစစ်သုံးသပ်ရာတွင် လည်းကောင်း လက်တွေ့ကျပြီး ထိရောက်မည် ဖြစ်ပါကြောင်း၊
တီဘီရောဂါရှိသူ အကျဉ်းသားများအကျဉ်းထောင်မှ လွတ်မြောက်လာပြီးပြည်သူများအကြား ပြန်ရောက်လာသည့် အခါမိသားစုဝင်များနှင့် အခြားပြည်သူများသို့ တီဘီရောဂါ ကူးစက်ပြန့်ပွားနိုင်သောကြောင့် တီဘီရောဂါအပါအဝင် အခြားကူးစက်ရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းများကို အကျဉ်းထောင်များတွင် အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဗဟိုဆွေးနွေးပွဲပြီးပါက တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ခရိုင်၊ မြို့နယ်အသီးသီးမှ လက်တွေ့မြေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တီဘီရောဂါတိုက်ဖျက် ရေးလုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်မှုရရှိစေရေးအတွက် ဆန်းသစ်၍ သမားရိုးကျမှ ဖောက်ထွက်သော အတွေးအမြင်များဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းစီမံချက် မန်နေဂျာ ဒေါက်တာ ချိုချိုစန်းက မြန်မာနိုင်ငံတီဘီရောဂါ အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည် လုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ပံ့ပိုးပေးရန်လိုအပ်မည့် အချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တီဘီတာဝန်ခံဆရာဝန်ကြီးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြောင်း သိရသည်။
သတင်းစဉ်


