နေပြည်တော် ၂၆ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျား/မရေးရာ တန်းတူညီမျှရေး ကွန်ရက် Gender Equality Network(GEN)အဖွဲ့ နှင့် ILO Myanmar ရုံးမှ ဆက်ဆံရေး အရာရှိ Mr.Rory Mungoven နှင့်အဖွဲ့တို့အား ယမန်နေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် တွေ့ဆုံစဉ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေ ရေးဆွဲဆောင်ရွက်နေမှု နောက်ဆုံးအခြေ အနေများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် ပါဝင်သော အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် ဗဟိုအဆင့်တွင် သာမက တိုင်းဒေသကြီး/ ပြည်နယ်များတွင်ပါ ကော်မတီ၏လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနက ဦးဆောင်၍ ပြုစုလျက်ရှိသော မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာ Universal Periodic Review(UPR)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ CEDAW ကော်မတီအစီရင်ခံစာ စသည့် အစီရင်ခံစာများ ပြုစုရေးသားရာတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ပါဝင်နိုင်ရေးအခြေအနေများ၊ ဆက်လက်၍ ကျား/မရေးရာတန်း တူညီမျှရေး ကွန်ရက်က ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
International Labour Organization (ILO) Myanmar အဖွဲ့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မတူညီသော အသိုက်အဝန်းများအကြား လူမှုသဟဇာတမျှတရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင် ပါဝင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုများတိုးတက်လာစေရန် သင်တန်းများ ပေးခြင်းစသည့် လုပ်ငန်းများကို UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အကောင်အထည် ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူမှုကာကွယ်စောင့်ရှောက် ရေး လုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အလုပ်သမားအခွင့်အရေးကို အပြည့်အဝဖော်ဆောင်ရန် ကြိုးပမ်းနေမှုများတွင် ILO က ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


