နေပြည်တော် ၂၆ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Bangladesh Institute of Peace and Security Studies (BIPSS) နှင့် UNICEF Myanmar အဖွဲ့တို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ BIPSS မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် မနူနီဇူရာမာန်နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုအခြေအနေများ၊ မစ္စတာကိုဖီအာနန် ဦးဆောင်သည့်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရဘက်မှ ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ ချမှတ်ရေးဆွဲနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် UNICEF အဖွဲ့နှင့် တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးတိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ Social Protection Costed sector plan တွင် ပါဝင်သော အကြောင်းအရာများနှင့် ယင်းအား ကျယ်ပြန့်စွာဖြန့်ချိနိုင်ရေး၊ Maternal and Child Cash Transfer (MCCT) စီမံချက်ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


