မူဆယ် ၂၆ ဇွန်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဝမ်းဇီးရိုမြို့၊ မန်တီးကျေးရွာ၊ ကြံစိုက်ခင်းတွင် အလုပ်တူတူ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ခုနစ်ဦး မှိုအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

2608

 

ဖြစ်စဉ်မှာ မန်တီးကျေးရွာ ကြံစိုက်ခင်းတွင် အလုပ်လုပ်နေကြသည့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာနေ ဦးထွန်းထွန်းဦး(၃၆)နှစ်၊ ပွင့်ဖြူမြို့နယ်၊ ရေဘုပ်ခလေးကျေးရွာနေ ဦးထွန်းလင်း(၄၃)နှစ်၊ မောင်တင်ဆန်းလင်း(၁၈)နှစ်၊ မသိန်းသိန်းဝင်း(၂၈)နှစ်၊ ပွင့်ဖြူမြို့နယ်၊ ကောင်းကြီးရွာနေ ဦးစူပါ(၂၆)နှစ်၊ ပွင့်ဖြူမြို့နယ်၊ ထူးပေါက်ကျေးရွာနေ မစုမြတ်ခိုင်(၂၃)နှစ်နှင့် ပွင့်ဖြူမြို့နယ်၊ ကျောက်ကုန်းကြီးကျေးရွာနေ မကေဇင်သွယ်(၁၈)နှစ်တို့သည် ဇွန် ၂၀ ရက်တွင် ကြံစိုက်ခင်းဘေး၌ ပေါက်နေသည့် မှိုကိုချက်စားမိရာမှ (စိုးရိမ်ရ) မှိုအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

0825

 

“ကြံခင်းနားမှာ ပေါက်တဲ့မှိုကို ခူးပြီးချက်စားရာကနေ ခုလို အဆိပ်သင့်မှုဖြစ်ပွားခဲ့တာပါ၊ သူတို့က နေ့လယ်မှာတစ်ခါ ချက်စားကြတယ်၊ ညနေပိုင်းမှာတစ်ခါ ထပ်ချက်စားပြီးတာနဲ့ ခုလိုဖြစ်တာပါ”ဟု တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုကျော်လင်းအောင်က ပြောသည်။

မှိုအဆိပ်သင့်မှုဖြစ်ဖြစ်ချင်း တရုတ်နိုင်ငံ၊ ဝမ်းဇူးရိုဆေးရုံတွင် ပို့ဆောင်ကုသခဲ့ပြီး ဝမ်းဇူးရိုဆေးရုံမှတစ်ဆင့်(နေ့ချင်း) ကြံဖုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဇွန် ၂၀ ရက် ညနေပိုင်းမှ ဇွန် ၂၆ ရက်အထိ ကုသမှုခံယူသော်လည်း ထူးခြားမှုမရှိကြောင်း သိရသည်။ ဇွန် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကူအညီဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းရောက်ရှိခဲ့ပြီး မူဆယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ ကုသမှုခံယူရန်အတွက် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၁၈ ခုနှစ်၊ ယခုအချိန်ခါမျိုးတွင်ပင် တရုတ်နိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မှိုအဆိပ်သင့်မှုကြောင့်  မူဆယ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေစဉ် (၇)ဦးဆုံးပါးမှုဖြစ်ပွားခဲ့သည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)