ပူတာအို ၂၇ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ကြီးမှူး၍ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ၂၀၁၉ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၇)နာရီခွဲက ပူတာအိုမြို့ ဘုရင့်နောင်လမ်းရှိ မြို့မရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့၌ ဒုတိယအကြိမ်အဖြစ် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြသည်။
ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပျိုးပင်များဖြစ်သည့် ရေပိတုန်း၊ ကံ့ကော်၊ ယမနေ၊ သစ်အယ် စသည့် အပင်ပေါင်း(၁၀ဝ)ကျော်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ စိုက်ပျိုးပင်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိစေရေးနှင့် အပင်များ ရှင်သန်ကြီးထွားရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အနီးကပ် ပြုစုထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်ထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)


