ဒီပဲယင်း ၂၇  ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ် (၆)လ ခွင့်ပြုရန်ပုံငွေဖြင့် ထုံးဘိုကျေးရွာနှင့် တောလယ်ကျေးရွာတို့တွင် စက်ရေတွင်း၊ ရေစက်ရုံနှင့် အုတ်ရေကန်တို့ဖြင့် တည်ဆောက်ထားပြီး ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ဇွန် ၂၆ ရက်က မြို့နယ် စာရင်းစစ်အဖွဲ့၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်လှယဉ်မြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့သည်။


အဆိုပါကျေးရွာတို့တွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်အတွက် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၅) သန်းဖြင့် Present One ကုမ္ပဏီမှ စက်ရေတွင်း၊ ရေစက်ရုံနှင့် ဂါလံ(၂၀ဝ၀)ဆံ့ အုတ်ရေကန်တို့ကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ထုံးဘိုကျေးရွာတွင် အိမ်ခြေ (၇၀)၊ လူဦးရေ (၃၉၉) ဦးနှင့် တောလယ်ကျေးရွာတွင် အိမ်ခြေ (၅၀)၊ လူဦးရေ (၃၁၇) ဦး နေထိုင်လျက်ရှိရာ စက်ရေတွင်း တူးဖော်ထားခြင်းကြောင့် သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာ သုံးစွဲနေရပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်လှယဉ်မြင့်၏ ပြောကြားချက်အရ သိရသည်။ 


စိုးဝေအောင်(ခင်ဦး)