မိုးညှင်း ၂၇ ဇွန်
မိုးညှင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးညှင်းဒီဂရီကောလိပ်ဝန်းအတွင်း အရိပ်ရအပင်နှင့် ပန်းအလှပင် စုစုပေါင်း ၅၅၀ကို ယနေ့နံနက် (၇) နာရီခွဲတွင် စိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မိုးညှင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဒီဂရီကောလိပ်မှ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ ဗန်ဒါ၊ ကန္တရချယ်ရီ အစရှိသည့် အရိပ်ရ အပင်ပေါင်း ၃၀ဝ နှင့် ပန်းအလှပင်များ ဖြစ်သည့် ပန်းအိ၊ စိန်နချူ၊ စိန်ပန်းပု၊ နွယ်သာကီ အစရှိသည့် ပျိုးပင်ပေါင်း ၂၅၀ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အလားတူ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယခုလ ၁၉ ရက်နေ့တွင်လည်း အရိပ်ရ အပင်ကြီးမျိုး ၁၀ဝ၀ ကျော်ကို အစိုးရနည်းပညာကောလိပ်ကျောင်းဝန်းအတွင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


