ပဲခူး ၂၇ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန် ၂၆ ရက် နံနက်ပိုင်းမှ စတင်ပြီး ပြည်သူများ ကိုင်ဆောင်သော မိုဘိုင်းဖုန်းများအတွင်းသို့ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ဒါန်မိုဘိုင်း Application အား ထည့်သွင်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒါန်မိုဘိုင်း Application ကို သုံးစွဲသူများ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်နှင့် မသန်စွမ်းသူများပါ အသုံးပြုနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပုံစံထုတ်၍ Adaptation Fund ECHOနှင့် UNDP တို့၏ ရန်ပုံငွေဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများအားလုံးကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်နှင့် အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်းများအတွင်း ထည့်သွင်းပေးခြင်းဖြစ်ပြီး Application ကို ဖုန်းအတွင်းရောက်ရှိနိုင်ရန် Andriod Phone များအတွက် Google Play Storeနှင့် IOS Phone များအတွက် App Store တို့တွင် DAN Myanmar ဟု ရိုက်ထည့်ပြီး Download ရယူနိုင်ကြောင်း သိရသည်။
ဒါန်မိုဘိုင်း Application အတွင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုံမှန်သတင်းနှင့် အရေးကြီးသတင်းဟူ၍ နှစ်မျိုးပါရှိပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဘေးအန္တရာယ်ဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို အရေးကြီးကဏ္ဍမှ သတိပေးချက်များ ပေးပို့သွားမည်ဖြစ်သည်။
လိုအပ်ပါက ဆက်သွယ်ရမည့်အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြထားသောရုပ်ပုံများ၊ အသံဖိုင်များနှင့်ဗွီဒီယိုများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်စာတမ်းများ၊ အချိန်ပိုင်း အလိုက် မိုလေဝသအခြေအနေ သတင်းများ၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းအင်းအချက်အလက်များ၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် ပြည်သူများကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်နိုင်မည့်စနစ်များ စသည့် အရေးကြီးသောအကြောင်းအရာများအပြင် ဘေးအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေများတွင် ပြည်သူလူထူအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အလို့ငှာ လိုအပ်သည့် ကြိုတင်သတိပေးချက်များ၊ အဖြစ်များသည့် ဘေးအန္တရာယ်များ အတွက် ဘေးကင်းစေရေးအကြံပြုချက်များ၊ အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အခြားသော အကိုးအကားပြုနိုင်မည့် စာအုပ်၊ စာစောင်များ ပါဝင် ထည့်သွင်း ထားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် မိုဘိုင်းဖုန်းများအတွင်းသို့ သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး ဒါန်မိုဘိုင်း Application ထည့်သွင်းပေးခြင်းအပြင် ပြည်သူများကိုလည်း သဘာဝဘေးများနှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)