ပျော်ဘွယ် ၂၇ ဇွန် 


ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက် ဝန်ဆောင်မှု မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၇ ရက်၊ နံနက်(၉)နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်ကဏ္ဍဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးထွန်းထွန်းဝင်း နှင့် ဦးစံဝင်း တို့က စာကြည့်တိုက်ဖောင်ဒေးရှင်းအကြောင်း သိကောင်းစရာများ၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစွာ ဆွေးနွေးကြသည်။


ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျေးရွာစာကြည့်တိုက်မှူးများနှင့် အခြေခံပညာ ကျောင်းများမှ စာကြည့်တိုက်အား တာဝန်ယူဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများက ကျေးရွာစာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက်များရှင်သန်ရေး၊ စာအုပ်စာစောင်တိုးပွားရေး၊ စာငှား၊ စာဖတ်တိုးပွားရေး၊ ရန်ပုံငွေရရှိရေး၊ စာကြည့်တိုက်မှူးတစ်ယောက်၏ စွမ်းဆောင်မှု စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး အဆိုပါအလုပ်ရုံဆွေးနွေး ပွဲသို့ ကျေးရွာနှင့်အခြေခံပညာကျောင်းများ စာကြည့်တိုက်မှူး(၃၃)ဦး တက်ရောက်ကြကြောင်း သိရသည်။


မင်းမင်းထွေး(ပျော်ဘွယ်)

 

1