မယ်စဲ့ ၂၇ ဇွန်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဝက်မွေးမြူသူ တောင်သူများအား မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်ခြင်းနှင့် အစာအာဟာရများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောသေးရယ်က မွေးမြူရေး နည်းစနစ်များဖြစ်သည့် မျိုးကောင်းမျိုးသန့် ရွေးချယ်မွေးမြူနည်းများ၊ အစာကျွေးမွေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု နည်းစနစ်များ သိရှိခြင်းဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ပြီး မွေးမြူထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေကာ လူတစ်ဦးချင်း အသားပိုမို စားသုံးလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာစောသေးရယ်က ဖြည့်စွက်အစာနှင့် သန်ချဆေးများအား မွေးမြူရေး တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် နေဗီယာမြက် စိုက်ပျိုးနည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ သင်တန်းသို့ ဝက်မွေးမြူသူတောင်သူ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


