မုံရွာ ၂၇ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတက္ကန်(တောင်)ကျေးရွာ ဗောဓိတထောင်သာသနာ့နယ်မြေ အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသော ဗောဓိတထောင်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ဇွန်(၂၆) ရက် မွန်းလွဲပိုင်းက မြန်မာ့သစ်လုပ်ငန်းမှ ဆင်(၇)ကောင်ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ သစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
“စွယ်စုံအမျိုးအစား၊ အစွယ်တစ်ချောင်းပါ အမျိုးအစား၊ အစွယ်အသေးပါတဲ့ အမျိုးအစား၊ ဆင်သားအမိတစ်တွဲ၊ သားထိန်းဆင်မ စတဲ့ ဆင်အမျိုးအစား စုံအောင်ထည့်ထားတယ်၊ အများပြည်သူကို ဆင်အမျိုးအစား စုံစုံလင်လင်နဲ့ ပြသနိုင်အောင် ဆင်အမျိုးအစားအစုံကို ထည့်ထားခြင်းဖြစ်တယ်၊ အခု ရောက်လာတဲ့ ဆင်တွေက တောင်တွင်းကြီးနယ် သစ်ထုတ်ရေးဒေသကဖြစ်တယ်၊ ဆင်စခန်းကိုတော့ ဇူလိုင်လ အတွင်း ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်းက ပြောသည်။
ဗောဓိတထောင်ဆင်စခန်းအား လေးကျွန်းစကြာရပ်တော်မူရုပ်ပွားတော်ကြီး၊ လျောင်းတော်မူ ရုပ်ပွားတော်ကြီးနှင့် အလံတစ်ရာစေတီတော်ကြီး တည်ရှိရာတောင်ခြေရှိ မြေအကျယ်(၈)ဧကကျော်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဗောဓိတထောင် သာသနာ့နယ်မြေသို့ ဘုရားဖူးလာရောက်သည့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များအနေဖြင့် ဆင်များ နေထိုင်မှုဓလေ့စရိုက်၊ ဆင်ဦးစီးများနှင့် ဆင်နောက်လိုက်များ၏ တောတွင်းနေထိုင်မှု ဓလေ့ထုံးစံများကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


