စစ်တွေ ၂၇ ဇွန်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ တက္ကသိုလ်ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


    
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် တက္ကသိုလ်၏ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်နေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တွေ့ဆုံပွဲတွင် တက္ကသိုလ်၏ လိုအပ်ချက်များကို ဆရာ၊ ဆရာမများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း၊ အမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက တိုးတက်မှုများ ပိုမိုရရှိလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


    
ယင်းနောက် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က စစ်တွေတက္ကသိုလ်၏ အချက်အလက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများက သင်ထောက်ပစ္စည်းများ လိုအပ်မှု၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စသည့် တက္ကသိုလ်၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။


    
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ချက်ချင်းဖြေရှင်း ဆောင်ရွက်နိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ချက်ချင်းဆောင်ရွက်၍ မရသည်များကို ပြည်ထောင်စုအစိုးရသို့တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်း သုံးထပ်စာသင်ဆောင်သစ် ဆောက်လုပ်နေမှု၊ စစ်တွေလေဆိပ် ခြံစည်းရိုးကာရံထားရှိမှုနှင့် လေဆိပ်ရှောင်ကွင်းလမ်းသစ် ဖောက်လုပ်ပေးနိုင်ရေး အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။ 

 

ဟန်မင်း