ဟားခါး ၂၇ ဇွန်
ချင်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ ဝယ်ယူလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ပူးပေါင်းပြီး တစ်ဦးလျှင် ချေးငွေကျပ်သိန်း(၅၀ဝ) အထိ ချေးယူနိုင်မည့် အစီအစဉ်ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ထုတ်ချေးမှုပြုလုပ်ရာတွင် ဝယ်ယူသူနှင့် ချေးငွေပေးမည့် ဘဏ်အကြား ဆောင်ရွက်ရမည့် လုပ်ငန်းများကို တိတိကျကျနှင့် အမှားအယွင်းမရှိစေရေးအတွက် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်မန်နေဂျာအားလုံးကို ဇွန် ၂၄ ရက်မှ ဇွန် ၂၇ ရက်အထိ လေးရက်ကြာ သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ချေးငွေက JICA Two Step Loan ချေးငွေလို့ခေါ်ပါတယ်။ ချင်းတောင်ဒေသအတွင်းမှာရှိတဲ့ တောင်သူတွေအတွက် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ထုတ်ချေးပေးတဲ့ နှစ်တိုချေးငွေ နှစ်ရှည်ချေးငွေတွေဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာများ ဝယ်ယူနိုင်အောင် ထုတ်ချေးပေးပါတယ်။ တောင်သူတစ်ဦးကို အများဆုံး ကျပ်သိန်း (၅၀ဝ) အထိ ချေးပေးပါတယ်။ ပြန်လည်ပေးဆပ်ချိန်မှာ ငွေအရင်း ကျပ်တစ်ရာကို တစ်နှစ်အတိုးနှုန်း ရှစ်ရာခိုင်နှုန်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြိ်ု့နယ်ဘဏ်ခွဲများမှာ ငွေစုစာရင်း ဖွင့်လှစ်ပြီး ဝယ်ယူမယ့် စက်တန်ဖိုးရဲ့ ၃၀ % ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ စုဆောင်းငွေကို ကြိုတင်စုဆောင်းရမှာ ဖြစ်ပါတယ်” ဟု ချင်းပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကျော်လွင်က ပြောသည်။
ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များကို နှစ်ရှည်ချေးငွေ ငါးနှစ်ငါးရစ်ဆပ် စနစ်ဖြင့်လည်းကောင်း၊ လက်တွန်းထွန်စက်နှင့် အခြားစက်များကို နှစ်တိုချေးငွေ သုံးနှစ်သုံးရစ်ဆပ် စနစ်ဖြင့်လည်းကောင်း ငွေသားကို ထုတ်ချေးပေးခြင်း မဟုတ်ဘဲ မိမိဝယ်ယူလိုသည့် စက်ကိုသာ ထုတ်ပေးသည့် ပုံစံဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ စိတ်ဝင်စားသူများအနေဖြင့် နီးစပ်ရာ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
သျှင်နေမင်း(ဂန့်ဂေါ)


