မြိတ် ၂၇  ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ယနေ့နံနက်ပိုင်းက မည်သူမဆို အခမဲ့ရယူနိုင်သည့် Food Box များကို အများပြည်သူ သွားလာမှုအများဆုံးဖြစ်သည့် နေရာသုံးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

“အခုက Food box ကို အခြားမြို့တွေမှာ လုပ်နေတာမြင်တော့ ကိုယ်မြို့မှာလည်း ရှိစေချင်လို့ လုပ်ဖြစ်တာပါ။ အလှူရှင် ရှိရင်လည်းရှိပေါ့။ မရှိရင်လည်း ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး လိုအပ်တာတွေ ဝယ်ထည့်သွားမှာပါ။ ကျွန်တော်တို့ ဒါကိုရေရှည် လုပ်နိုင်အောင်တော့ ကြိုးစားသွားမယ်” ဟု မြိတ်တက္ကသိုလ် ရူပဗေဒဘာသာ အဝေးသင်ကျောင်းသား ကိုနိုင်နိုင်ကပြောသည်။

 

df43

 

အဆိုပါ Food box ကို မြိတ်မြို၌ လူသွားလူလာ အများဆုံးနှင့် အခြေခံလူတန်းစား လက်လုပ်လက်စား သမားများ၊ ကလေးသူငယ်များသွားလာတဲ့ မြို့သစ်ရပ်ကွက်၊ ပြည်သာယာလမ်းမကြီး၊ စန်းသီရိ မီးပွိုင့်အနီး၊ ဆိမ်ငယ်ရပ်ကွက် ကန်းနားလမ်း ပြည်တော်သာတံတား အနီးနှင့် ရေပုန်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးအနီး စသည့် သုံးနေရာတို့တွင် စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ 

 

“ဒီ Food box မှာ မည်သူမဆိုလာရောက် သုံးဆောင်နိုင်ပါတယ်။ အဓိကကတော့ အခြေခံ လူတန်းစားများနဲ့ ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အလုပ်သမားများ စားသုံးနိုင်ဖို့ လူဒါန်းထားတာပါ။ ယခု လိုအပ်ရင် ဖြည့်ဆည်းပေးဖို့ အသင့်စောင့်ကြည့်နေပါတယ်။ ဒါကို ရေရှည်လုပ်ဆောင်သွားမှာ ဖြစ်တယ်” လို့ အလှူရှင်ဖြစ်သူ (ဂျပန် စက်ဘီး အရောင်းဆိုင်) ကိုနိုင်ဦးက ပြောသည်။

 

h57

 

ထိုသို့ ဖွင့်လှစ်ထားသော  Food box သုံးခုကို အလှူရှင်များက လှူဒါန်းပြီး စန်းသီရိ မီးပွိုင့်အနီး Food box ကို ကိုနိုင်ဦးနှင့် မမိုးမိုးဆင့်မိသားစု (ဂျပန် စက်ဘီး အရောင်းဆိုင်) တို့က မတည်လှူဒါန်းထားကြောင်း၊ ကန်းနားလမ်း ပြည်တော်သာတံတားအနီးနှင့် ရေပုန်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးအနီးရှိ  Food box နှစ်ခုကို ကိုရီးယားနိုင်ငံ ရောက်ရှိနေသော မြိတ်မြို့သူ မြို့သားများနှင့် မြိတ်တက္ကသိုလ် ရူပဗေဒဘာသာ အဝေးသင် ကျောင်းသားများက မတည်လှူဒါန်ထားကြကြောင်းနှင့် စားသောက်စရာများ ပြတ်လပ်မှုမရှိစေရန် အလှူရှင်များမှ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)