ညောင်ဦး ၂၇ ဇွန်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုလင်း(အနောက်)ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းခြေတွင် ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာအပန်းဖြေ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူခရီးသွားများသည် ဆင်များအား ဘူဖေးကျွေးမွေးရသည်ကို စိတ်ဝင်စားမှုများပြားလာကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောပြသည်။
အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းအား ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံမြို့အထွက် (၅)မိုင်ခန့်အကွာ ပုလင်း(အနောက်)ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် တစ်ခုတည်းသော ဆင်စခန်းဖြစ်ကာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် နီးကပ်သောကြောင့် မြန်မာပြည်အရပ်ရပ်မှ ပုဂံဒေသ၊ ပခုက္ကူဒေသသို့ ဘုရားဖူးလာရောက်ကြရင်း ပလင်းကမ်းသာယာဆင်စခန်းသို့ ဝင်ရောက်ကာ လေ့လာကြကြောင်းသိရသည်။
ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်းတွင် ဆင်ရှစ်ကောင်ရှိပြီး ဆင်များစားသုံးနိုင်ရန် ငှက်ပျောခြံ၊ ကြံခင်း၊ နေပီယာမြက်ခင်းတို့ကို ဆင်စခန်းမဖွင့်ခင်ကစကာ စိုက်ပျိုးထားကြောင်းနှင့် ဆင်စခန်းလာရောက်လည်ပတ်သည့် ဆင်ချစ်သူများ ဆင်စာကျွေးနိုင်ရန်အတွက် ဆင်စာအရောင်းကောင်တာတစ်ခု ဖွင့်လှစ်ကာ ဆင်စာများ ရောင်းချပေးကြောင်း သိရပြီး ဆင်စာယွန်းလင်ဗန်းတစ်ချပ်လျှင် တစ်ထောင်ကျပ်ပေးရကြောင်း၊ ဗန်းထဲတွင် ဖရဲသီးနှစ်စိတ်၊ ဖီးကြမ်းငှက်ပျောသီး နှစ်လုံး၊ သခွားမွှေးသီး တစ်ခြမ်း၊ ပြောင်းဖူးနှစ်ဖူးနှင့် ရာသီပေါ်အသီးအနှံများပါကြောင်း ဆင်အစာရောင်းကောင်တာမှ ဦစောလင်းကရှင်းပြသည်။
ဆင်စခန်းသို့ရောက်ရှိလာသည့် ဆင်ချစ်သူများသည် ဆင်စာတစ်ဗန်းခြင်း ဝယ်ယူကျွေးရသည်ကို အားမရဘဲ ဆင်များကြိုက်သလောက်စား ကျွေးချင်ကြောင်းပြောရာမှ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ဆင်များသည် အစာစားချိန်နေ့တစ်နေ့၏ သုံးချိန်နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်း၊ ဆင်စခန်းလာ ဆင်ချစ်သူများ ဆင်စာဘူဖေးကျွေးနိုင်စေရန် ဆင်စာတစ်ခါဘူဖေးကျွေးလျှင် ငွေကျပ်သုံးသောင်းသတ်မှတ်ပြီး သုံးကြိမ်စာ ငွေကျပ်တစ်သိန်းဖြင့် ဆင်ရှစ်ကောင်စာကျွေးမွေးနိုင်ကြောင်း သိရသည်။
ယခုအခါ ပလင်းကမ်းသာယာ ဆင်စခန်းသို့လာရောက်လည်ပတ်သည့် ဆင်ချစ်သူခရီးသွားများ ဆင်စာဘူဖေးကျွေးလာခဲ့ကြရာ ဆင်ရှစ်ကောင်အတွက် အကြိမ်(၅၀)ကျော် ဆင်စာဘူဖေးကျွေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဆင်ထိန်းခေါင်းဆောင် ဦးကြည်နိုင်ထူးမှ ရှင်းပြသည်။ ဆင်စာဘူဖေးကျွေးရန်အတွက် သစ်သီး၊ သစ်နှံများ တင်ရန် သစ်သားစင်မြင့်ပြုလုပ်ထားကြောင်း ဆင်စာအလှူရှင်များရှေ့တွင်ပင် ဆင်ထိန်းဝန်ထမ်းများမှ လတ်ဆတ်သည့် သစ်သီးသစ်နှံများ ခွဲခြမ်းစိတ်ဖြာကာ ချက်ခြင်းပြင်ဆင် ဆောင်ရွက်ပေးကြောင်းနှင့် မိမိတို့ ဆင်စာဘူဖေးလှူဒါန်းကျွေးမွေးသည့် ဆင်များစားနေပုံများ ဓာတ်ပုံရိုက်ကူးနေသည့်မြင်ကွင်းကလည်း စိတ်ကြည်နူးမှုဖြစ်စေကြောင်း ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် မန္တလေးမြို့မှ ဒေါ်ဝတ်ရည်ချိုကပြောပြသည်။
ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်များအား တစ်ဗန်းခြင်းသော်လည်းကောင်း၊ ဘူဖေးသော်လည်းကောင်း ကျွေးမွေးနိုင်ကြောင်းနှင့်ဆင်များ ရောဂါပိုးမွှားမကျရောက်စေရန် ဆင်ဆရာဝန်များလည်း ထားရှိပေးထားခြင်းကြောင့် ဆင်စခန်းလာ ဆင်ချစ်သူများ သဘောကျနှစ်သက်ကြကြောင်းနှင့် ဆင်စာဘူဖေးကျွေးမွေးသူ များပြားလာကြောင်း ဦးမျိုးမင်းကို၏ ပြောပြချက်အရ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


