နေပြည်တော် ၂၇ ဇွန်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစည်းအဝေးတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများ စသည်တို့ အပါအဝင် အဓိကအားဖြင့် ဝန်ကြီးဌာနမှ ပံ့ပိုးအားဖြည့်ပေးရန် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြု သွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တင်ပြထားခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာ အလုံးစုံခြုံငုံသုံးသပ်ချက်များနှင့် ယခုအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များအပေါ်မူတည်၍ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို သိရှိနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ပုံမှန်ထုတ်ဝေနေသည့် သတင်းလွှာများကိုလည်း အမြဲမပြတ်လေ့လာစေလိုပါကြောင်း။

ဆေးရုံများ၏ အထွေထွေကိစ္စရပ်များအတွက် အကြံပြုချက်နှင့် ပံ့ပိုးမှုများရယူရန် “ဆေးရုံ အထောက်အကူပြုအဖွဲ့” များကို ဖွဲ့စည်းထားသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်မှုပညာရပ် အကြံပြုချက်များရယူနိုင်ရန်အတွက် “ပညာရပ်ဆိုင်ရာ အထောက်အကူပြုအဖွဲ့” များကိုလည်း အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးရုံအဆင့်အလိုက် လုပ်ငန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာများကို လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ပြုစုသွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင်တိုးတက်ကောင်းမွန်ကာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစနစ်ကြီးတစ်ရပ် ဖြစ်ထွန်းစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများအားလုံးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးက အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိဗဟို အဆင့်ဆေးရုံကြီးများနှင့် ခုတင် (၅၀ဝ) ဆံ့ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်