နေပြည်တော် ၂၇ ဇွန် 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အဆိုပါအစည်းအဝေးသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဥက္ကဋ္ဌ (၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်ဦးတိုးအောင်၊ UEHRD ကော်မတီစီမံခန့်ခွဲမှု အရာရှိချုပ် ဦးညီငြိမ်းအေးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲ ကိစ္စများရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရေး လုပ်ငန်းများတွင်လည်း စီမံကိန်း/စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 UEHRD ကော်မတီ၏ ရန်ပုံငွေများအား သုံးစွဲဆောင်ရွက်ကြရသည့် ဌာန/အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များအနေဖြင့် ငွေကြေးသုံးစွဲမှုများကို စာရင်းစစ်ဆေးခံယူ လျက်ရှိပါကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတကာစာရင်းစစ်ဆေးရေးအဖွဲ့က စာရင်းစစ်ဆေး ခံနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းစဉ်များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ကာလတိုလုပ်ငန်းများကို အောင်မြင် ထိရောက်အောင် ဆောင်ရွက်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ အာဆီယံအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် နယ်ပယ်များဖော်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါနယ်ပယ်များမှာ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ ဖြန့်ဝေရေးနှင့် အခြေခံပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရေးတို့တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ UEHRD ကော်မတီအနေဖြင့် အာဆီယံနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNHCR က အာဆီယံ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများတွင်  ပံ့ပိုးကူညီနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ပေးသည့်အခါ လူမှုသဟဇာတ ဖြစ်ရေးနှင့် တရားဥပဒေစိုးမိုးရေး (Rule of Law)ကို အလေးထားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ စိတ်ဓာတ်နှင့်ခံယူချက်များပြောင်းလဲရန်မှာ ၄င်းတို့ နေထိုင်ရာ ဒေသ၏ ဘာသာစကားတတ်မြောက်ခြင်း၊ ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာမှုရှိခြင်းတို့ အထူးလိုအပ်ပါကြောင်း၊ UEHRD ကော်မတီ၏ အစည်းအဝေးဆွေးနွေး ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ကော်မတီဥက္ကဋ္ဌနှင့် ပြည်သူများသိရှိနိုင်ရန်အတွက် အမြန်ဆုံးတင်ပြဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ယင်းနောက်တွင် ဒုတိယဥက္ကဌ (၂)၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်