မယ်စဲ့ ၂၈ ဇွန်
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးအတွက် ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘောလခဲ-ဖားဆောင်-မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကယားပြည်နယ်၊ ဖားဆောင်းမြို့၊ ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
သုံးသပ်ဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက အမှာစကားပြောကြားရာတွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအား ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ၍ ပြည်နယ်လုံးကျွတ် လွှမ်းခြုံဆောင်ရွက်နိုင်ပါကြောင်း၊ ယခုစီမံကိန်းသည် ပွင့်လင်းမြင်သာစွာဖြင့် နည်းစနစ်တကျ လုပ်ဆောင်သွားသည့်အပေါ် အမှန်တစ်ကယ် ဒီမိုကရေစီလမ်းကြောင်းကို သွားနေသည့်စီမံကိန်းတစ်ခုပင်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများရှိပါက အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထု၏အကျိုးကို စေတနာ၊ မေတ္တာရှေ့ထားကာ ယခုထက်ပိုမို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က လူထုဗဟိုပြု စီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ ဘောလခဲ-ဖားဆောင်း-မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးအောင်ကျော်ဦးက တတိယနှစ်စက်ဝန်း စီမံကိန်း လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသူများမှ အုပ်စု(၇)စုခွဲ၍ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး ကျေးရွာအုပ်စုအဆင့်အကောင်းဆုံးဆု၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျေးရွာများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘာ့စကို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO, INGO များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်


