ညောင်ဦး   ၂၈ ဇွန်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် မိုးတွင်းကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာန၏ သာမန်ပြုပြင်  ထိန်းသိမ်းခြင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဦးမြို့ပေါ်ရှိ ထရန်စဖော်မာ ခြောက်လုံးအား  ဒုတိယမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန် ၏ ဦးဆောင်မှုဖြင့် ဇွန် ၂၃ ရက်မှ စတင်ကာ တစ်ရက်လျှင် ထရန်စဖော်မာတစ်လုံးနှုန်း ပြီးစီးအောင်  ပြုပြင်ဆောင်ရွက်ပေးရာ ယခုအခါ ထရန်စဖော်မာအားလုံး ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း  သိရသည်။ 

 

“ ကျွန်တော်တို့ ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ သာမန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် မိုးတွင်းကာလမှာ ဖြစ်ပေါ်တတ်သည့် လျှပ်စစ်အန္တရာယ်များနှင့် ပတ်သက်ပြီး ပြည်သူများ ထိခိုက်မှု မဖြစ်စေရေးအတွက် ရည်ရွယ်ပြီး မြို့ပေါ်ရပ်ကွက်ရှိ ထရန်စဖော်မာ(၆)လုံးကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေး နေပါတယ်။ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့တဲ့ နေရာတွေကတော့ မြို့နယ်လျှပ်စစ်ရုံးအနီး၊ တက်သိမ်းမြောက်ရပ်ကွက်၊ အောင်မြေသာရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ ဈေးအနီးနှင့် မြို့တွင်းအဝင် ဘုရားနီ ဘုရားအနီးတို့မှာရှိတဲ့ ထရန်စဖော်မာ(၆)လုံးကို ပြုပြင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယခုလ ၂၃ ရက်က စတင်ပြီး တစ်နေ့ကို ထရန်စဖော်မာ တစ်လုံးနှုန်း ပြီးစီးအောင် ပြုပြင်ဆောင်ရွက်တာဖြစ်ပြီး ယခု ထရန်စဖော်မာအားလုံး ပြုပြင်ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ယခုလို ထရန်စဖော်မာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ကျွန်တော်တို့ဌာနအနေဖြင့် နှစ်စဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီလိုပြုပြင်ဆောင်ရွက်ခြင်းဖြင့် ထရန်စဖော်မာတွေ ဓာတ်အားကျဆင်းမှုကို လျှော့ချသွားနိုင်မှာဖြစ်သည့်အပြင် ပြည်သူများအတွက်လည်း လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဓာတ်လိုက်မှုတွေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဌာန၏ သာမန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဦးမြို့နယ်အတွင်း ထရန်စဖော်မာအလုံးရေ စုစုပေါင်း ၁၈ လုံးကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်က ပြောပြသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)

 

ge AE2.j