မလှိုင် ၂၈ ဇွန်

 

မြန်မာအမျိုးသမီးများနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကူကြီးကျေးရွာ စာကြည့်တိုက်ဝန်းအတွင်းရှိ အတုလမာန်အောင် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အမျိုးသမီးများနေ့အကြို အသိပညာပေးဟောပြောပွဲတွင် မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီဝင် ဒေါက်တာ ဒေါ်ပြုံး (ပါမောက္ခ-ငြိမ်း)က အဖွင့်အမှာစကားပြောကြားပြီး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်က လူကုန်ကူးမှုအကြောင်းကိုလည်းကောင်း၊ ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်သင်းသင်းက သက်ငယ်မုဒိမ်း ကင်းစင်ရေး အားလုံးပါဝင်ကူညီဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်ပွင့်ဝါက ရင်ခွင့်မဲ့ ကလေးငယ်များ လျှော့ချရေးအကြောင်းကိုလည်းကောင်း၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ မလှိုင်မြို့နယ်တာဝန်ခံ ဒေါ်ဆုမွန်ဖြိုးက ကျား/မ တန်းတူညီမျှ အခွင့်အရေးနှင့် ကျား/မ သဘာဝကို  အခြေပြု၍ အကြမ်းဖက်ခြင်းမှ ကာကွယ်ခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အမျိုးသမီးကော်မတီ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကူကြီးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူ (၁၀ဝ) ကျော် တက်ရောက်နားထောင်ခဲ့ကြောင်း သိရသည်။ 

 

အောင်ဌေး(မလှိုင်)