မိုးနဲ ၂၈ ဇွန်
တောင်သူပညာပေးဆွေးနွေးပွဲနှင့် အစားထိုးသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာအုပ်စု နောင်ယာဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ မိုးနဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အစားထိုးသီးနှံ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မင်းပိုင်ဝင်းက မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် လူကုန်ကူးမှု မဖြစ်ပေါ်စေရေးကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငိုပွယ်က "ဖော"ငမြှောင်တောင်ဖျက်ပိုး ကာကွယ် နှိမ်နင်းရေး ဆောင်ရွက်နေမှု အခြေအနေ၊ တောင်သူများပိုးသတ်ဆေး ပက်ဖျန်းရာတွင် ထိရောက်မှုရှိစေရေးအတွက် နည်းစနစ်များကိုလည်းကောင်း အသီးသီးပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အစားထိုးသီးနှံမျိုးစေ့အဖြစ် GW-1 အထူးအထွက်တိုး စပ်မျိုးစပါး ဧက ၅၀ အတွက် ၃၅၀ ကီလိုနှင့် ငမြှောင်တောင်ပိုးသတ်ဆေးများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


