မတ္တရာ ၂၈ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကျင်းပပြုလုပ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီးသူများမှ ၄င်းတို့၏ လယ်ယာ မြေများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က အဖွင့်မှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးအောင်ကျော်နိုင်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ သည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးစန်းလှိုင်က ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ရပ်ကွက်ကျေးရွာ အုပ်စု(၄၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ ရပ်မိ ရပ်ဖများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ ကွင်းတာဝန်ခံမြေတိုင်းစာရေးများမှ သိရှိလိုသည့်အချက် များ၊ မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ ရပ်မိရပ်ဖများ၊ တောင်သူ လယ်သမားကိုယ်စားလှယ်များ၊ ကွင်းတာဝန်ခံမြေတိုင်းစာရေးများ တက်ရောက်ခဲ့သည်။ မတ္တရာမြို့ နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၈)အုပ်စုရှိပြီး ရှင်းလင်းဆွေးနွေးပွဲအား  ဇွန် ၂၈ ရက်နှင့် ၂၉ရက်တို့တွင် ၄၄အုပ်စု နှစ်ဖွဲ့ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)