သထုံ ၂၈ ဇွန်
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲတို့မှ ရရှိသည့် သတင်းအချက်အလက်များအား ပြည်သူသို့ ချပြရှင်းလင်းပွဲအခမ်းအနားကို ဇွန် ၂၈ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အမှာစကား ပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ ဦးအောင်တင်မိုးက ရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်၊ အစီအစဉ်များနှင့် သထုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ၃ ကြိမ် ပြုလုပ်ခဲ့သည့် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲတို့မှ လေ့လာတွေ့ရှိချက်များနှင့် အဆိုပြုထားသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များတို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်သီတာနွယ်က အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး ကဏ္ဍအလိုက် အားသာချက် အားနည်းချက်များ အဓိကစိန်ခေါ်မှုများ၊ ဖြေရှင်းရမည့်မဟာဗျူဟာများစသည့် စီမံကိန်းဆိုင်ရာ အချက်အလက်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများ က သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ သထုံမြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသတွင်းရှိအရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


