ပုလဲ ၂၈ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ပုလဲရတနာခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပုလဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ဝန်ထမ်းသား၊ သမီးများ၏ ပညာသင်လမ်းခရီးတွင် အထောက်အပံ့ဖြစ်စေရေးအတွက် နှစ်စဉ် ပညာသင်စရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ဒုတိယဦးစီးမှူး ဦးစိုးဝဏ္ဏကျော်နှင့် ဒေါ်ငုဝါခိုင်တို့က အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျာင်းသူ ၁၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၇ဝဝဝနှုန်းဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် လည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၉ ဦးအတွက် ငွေကျပ် ၃၄၃ဝဝဝ ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN