နေပြည်တော် ၂၈ ဇွန်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းပြင်ပ(၁၀)မိုင်နှင့်အထက် တောင်ပေါ်ကျေးရွာများအား NEP စီမံကိန်းမှ ICB-2 ပိုလျှံဆိုလာများဖြင့် မီးအလင်းရောင်ရရှိရေးကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စီမံကိန်းတွင်ပါဝင်သည့် ကျေးရွာများအား အိမ်သုံးဆိုလာပြားများ တပ်ဆင်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦးနှင့် တာဝန်ရှိသူများသည် တပ်ဆင်ပြီးစီးသွားသည့် အိမ်ထောင်စုများအား ICB-2 ဆိုလာများကို သုံးစွဲရန်လမ်းညွှန်ထားသော အချက်များနှင့်အညီ  လိုက်နာသုံးစွဲမှသာ ပစ္စည်းများ ရေရှည်သုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ချွတ်ယွင်းမှုများဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသို့ အကြောင်းကြားပေးရန် မှာကြားသည်။

 

အဆိုပါ NEP စီမံကိန်းမှ ICB-2ပိုလျှံဆိုလာများဖြင့် မီးအလင်းရောင်ရရှိရေးအတွက် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာဖြစ်သည့် ဘို့မသံတောင်၊  ဘို့မကန့်ဖလာ၊ ဘို့မ အထက်၊ ဘို့မအောက်၊ ကိုးတစ်ဖုန်းဆိုး၊ ကိုးတစ်ရွာမ၊ ကိုးတစ်ခြောက်အိမ်စု၊ ကိုးတစ်လေး အိမ်စု၊ ကိုးတစ်ရေပူ၊ ကိုးတစ်တဲစုစသည့် ကျေးရွာများကို တစ်အိမ်သုံးဆိုလာ (၆၀)ဝပ် (၄၃)စုံ၊ (၁၀ဝ)ဝပ် (၈၈)စုံကို တပ်ဆင်ပေးပြီးဖြစ်ကြောင်းနှင့် တောင်ပေါ်ကျေးရွာများသည် မြို့ပြနှင့်အလှမ်းဝေးခြင်း၊ သွားလာမှုခက်ခဲခြင်း၊ မဟာဓာတ်အားလိုင်းပြင်ပ(၁၀)မိုင်နှင့် အထက်တွင်ရှိသည့်အတွက် လျှပ်စစ် မီးလိုင်းများ တပ်ဆင်ရန်ခက်ခဲခြင်း၊  သယ်ယူပို့ဆောင်မှုအခက်အခဲများနှင့် တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးသည့်အတွက် ယခုလို ဆိုလာပြားများဖြင့် မီးအလင်းရောင်ရရှိရေးကို ဆောင်ရွက်ပေး ရခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။

 

စိုးမိုး(ပြန်/ဆက်)