မုံရွာ ၂၈ ဇွန်
Winner Eocnomic Enterprise Service Co., Ltd မှ စုစည်းကျင်းပသည့် အီလက်ထရွန်းနစ်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီး (Monywa Trade Fair & Automobile Show)ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ (၄)ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။
"မုံရွာမြို့မှာ ကုမ္ပဏီတွေက သူတို့ရဲ့ပစ္စည်းတွေကို တိုက်ရိုက်ခင်းကျင်းပြသရောင်းချချင်တယ်၊ ဆိုင်းခန်းပေါင်းကတော့ (၄၀)ကျော် (၅၀) နဲ့ ကုမ္ပဏီပေါင်း (၃၀)ကျော်မယ်၊ လာရောက်ပြသရောင်းချတဲ့ မြို့တွေကတော့ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့ က ကုမ္ပဏီတွေလာရောက်ပြသတယ် " ဟု Winner ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နီလာခင်က ပြောခဲ့သည်။
မုံရွာမြို့တွင်ကျင်းပသည့် အီလက်ထရွန်းနစ်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီး (Monywa Trade Fair & Automobile Show)တွင် ကုမ္ပဏီ (၃၀)ကျော်တို့မှ ပြခန်းပေါင်း (၄၀)ကျော်ဖြင့် နေ့စဉ် နံနက် (၉)နာရီမှ ည(၉)နာရီအထိ ခင်းကျင်းပြသထားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မုံရွာမြို့တွင် ကျင်းပသည့် အီလက်ထရွန်းနစ်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီး (Monywa Trade Fair & Automobile Show)အား ယနေ့နံနက် (၉)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးဘိုးသန်းညွန့်၊ မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအောင်မြင့်စိုးနှင့် Winner Eocnomic Enterprise Service Co., Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်အောင်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


