မိတ္ထီလာ ၂၈ ဇွန်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ ဦးခင်မောင်ဝင်း၏ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ ဇွန်၂၈ နံနက် ၁၀ နာရီခွဲခန့်က မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပဉ္စမနှစ်ကျောင်းသူ ကျောင်းသားများက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ကောင်းထက်စံ နို့စားနွားမွေးမြူးရေးခြံရှိ နွားနို့ညှစ်ခြံ၊ နွားကြီးခြံ၊ နွားငယ်ခြံ၊ နွားစာစပ်ရုံ၊ အစာသိုလှောင်ရုံ နေရာများနှင့် နွားမွေးမြူထားရှိသည့် အခြေအနေများကို မိတ္ထီလာခရိုင် မွေးမြူရေးနှင့် ကုသဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်သိန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစောပိုပိုနှင့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ ၁၉ ဦး၊ ပဉ္စမနှစ် ကျောင်းသူ ၇၆ ဦး၊ ကျောင်းသား ၄၅ ဦးတို့က ကွင်းဆင်းလေ့လာရာ နွားမွေးမြူရေး ခြံပိုင်ရှင်၏သားဖြစ်သူ ကိုချစ်မင်းဦးက လိုက်လံရှင်းလင်းပြသည်။
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကွင်းဆင်းလေ့လာရေးအဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ညောင်မြင့်၊ မင်းရွာ၊ ညောင်ကိုင်း၊ မြင်းကန်၊ မုန်တိုင်၊ ရေဝေ၊ မွေ၊ သရက်ပင်နှင့် ရှမ်းမငယ် ကျေးရွာတို့တွင် ကျွဲ၊ နွားမွေးမြူရေး အခြေအနေများကို လေ့လာ၍ အခမဲ့ဆေးကုသပေးခြင်း၊ အသိပညာ ပေးခြင်းများအား ဇွန် ၂၈ ရက် မှ ဇွန် ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


