မြင်းခြံ ၂၈ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း “အလင်းရှင်” စာကြည့်တိုက်ဖွင့်ပွဲကို ဇွန် ၂၈ ရက်၊ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

 “အလင်းရှင်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဆရာတော် ဒေါက်တာပညာနန္ဒ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးဝင်း၊ ဆီမီးခုံ အ.ထ.က ကျောင်းအုပ်ကြီး ဒေါ်တင့်တင့်လှ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် “အလင်းရှင်” စာကြည့်တိုက်ဖွင့်ပွဲအဖြစ် ဆရာတော်ဒေါက်တာ ပညာနန္ဒက သြဝါဒစကား မြွက်ကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် ဆီမီးခုံ အ.ထ.က ကျောင်းအုပ် ဒေါ်တင့်တင့်လှတို့က စာကြည့်တိုက်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပြောကြားခဲ့သည်။ ထို့နောက် မိဘ၊ ဆရာ၊ ကျောင်းအကျိုးတော်ဆောင်များကိုယ်စား ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင်ကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

အဆိုပါ တောပုကျေးရွာ “အလင်းရှင်” စာကြည့်တိုက်ကို ရွာလူငယ်များ စုပေါင်းဆောက်လုပ် လှူဒါန်းခြင်းဖြစ်ပြီး အကျယ် ၂၁ ပေ၊ အနံ ၁၆ ပေ၊ အမြင့် ၁၂ ပေ ရှိ RC တစ်ထပ် အဆောက်အဦဖြစ်ကာ အဆောက်အဦနှင့် ပရိဘောဂပစ္စည်းများ စုစုပေါင်းတန်ဖိုး သိန်း (၇၀) ခန့် ကုန်ကျခဲ့ကြောင်းကို စာကြည့်တိုက် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးချမ်းက ပြောကြားခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေ ကလည်း မိမိတို့ ရွာသည် အိမ်ခြေ(၁၀ဝ၀)ကျော်ရှိပြီး လူဦးရေ (၃၇၀ဝ)ကျော်ရှိကြောင်းနှင့် ယခုလိုစာကြည့်တိုက် ဖြစ်ပေါ်သည့်အတွက် ကျေးရွာနေပြည်သူများ စာဖတ်ခြင်းဖြင့် အသိပညာများ တိုးပွားလာမည်ဖြစ်၍ ဝမ်းသာကြောင်း၊ တောပု အ.ထ.က(ခွဲ) ကျောင်းအုပ်ကြီး ဦးဝေဖြိုးအောင်ကလည်း မိမိကျောင်းတွင် ကျောင်းသား (၆၀ဝ) ခန့်နှင့် ဆရာ၊ဆရာမ (၂၀) ဦးရှိပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်များတွင် စာဖတ်နိုင် တော့မည်ဖြစ်၍ “အလိမ္မာစာမှာရှိ” စကားနှင့်အညီ အသိပညာများ တိုးပွားလာမည်ဖြစ်၍ စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းပေးသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် စာကြည့်တိုက်တွင် သုတ/ရသ စာအုပ် ပေါင်း (၁၂၅၅) အုပ် ရှိပါကြောင်း ပြောကြားခဲ့သည်။ 

 

ဦဇော်မင်းနိုင်(မြင်းခြံ)

 

light3