နေပြည်တော် ၂၉ ဇွန်

 

ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ စားနပ်ရိက္ခာပိုမိုလိုအပ်လာခြင်း၊ စိုက်ပျိုးမြေဧရိယာနှင့် သဘာဝအရင်းအမြစ်များ လျော့နည်းရှားပါးလာခြင်း စသည့် အရင်းခံ အကြောင်းတရားများကြောင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေသြဇာနှင့် အခြားဓာတုဆေးဝါးများကို အဓိကအားထား သုံးစွဲလာခြင်း၊ သီးနှံများ၊ သစ်သီးဝလံများကို မျိုးဗီဇ ပြုပြင်မှုများပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ တစ်ဖက်တွင် အထွက်နှုန်းများ မယုံကြည်နိုင်လောက်စရာ တိုးတက်ခဲ့ကြသလို သစ်သီးဝလံ၊ သီးနှံတို့၏ အရောင်အသွေးနှင့် အရွယ်အစားတို့မှာလည်း ဈေးကွက်တွင် ရောင်းပန်းလှသည့် အသွေးအမွေးနှင့် ပမာဏတို့ကို ထုတ်လုပ်နိုင်ခဲ့ ကြသည်။

 

ခေတ်မီဓာတ်မြေသြဇာ၊ ဓာတုဆေးဝါး၊ မျိုးဗီဇနည်းဖြင့် ပြုပြင်ထုတ်လုပ်ထားသည့် သီးနှံများနှင့် သစ်သီးဝလံများကို ကာလတစ်ရပ်ထိ ရောင်းဝယ်စားသုံးခဲ့ကြပြီးသည့် နောက်တွင်မူ ယင်းအစားအစာများကို စားသုံးခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းမှုအပေါ် မေးခွန်းထုတ် လာခဲ့ကြသလို ပြန်လည်ဆန်းစစ်မှုများ၊ သုတေသနပြုမှုများနှင့်အတူ သဘာဝနည်းဖြင့် ထုတ်လုပ်ထားသည့် အော်ဂဲနစ် အစားအစာများက ရှေ့တန်းသို့ ပြန်ရောက်လာသည်။ သစ်သီးဝလံတွင် ပိုးပေါက်ကလေးပါမှ ဓာတုပိုးသတ်ဆေးတို့ ကင်းလွတ်သည်ဟူသော အမြင်မျိုးပင် ရှိလာသည်။ မည်သို့ပင်ဆိုစေကာမူ စိုက်ပျိုးရေးထုတ်ကုန်သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် မြေဧကနည်းနည်းတွင် များများစိုက်ပျိုးထုတ်လုပ်ရန်မှာလည်း မဖြစ်မနေ လုပ်ရမည်ဖြစ်သည့်အလျောက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အပါအဝင် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများကို အတိုင်းအတာ တစ်ရပ်အထိ သုံးစွဲရန် လိုအပ်နေဆဲဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံးရန်လိုအပ်လာသည်။

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP (Good Agricultural Practices) ၏ ရည်ရွယ်ချက်မှာ စားသုံးသီးနှံများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အာဟာရပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးပင် ဖြစ်သည်။ တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးကြရာတွင် အချက် ၁၆ ချက်ပါ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးခြင်း အားဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကာ ဈေးကွက်တွင်လည်း ဈေးကောင်းရရှိ နိုင်မည်ဖြစ်သည်။ လက်ရှိတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ဥယျာဉ်ခြံ သီးနှံများဖြစ်သည့် သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ထောပတ်သီး၊ လယ်ယာသီးနှံများဖြစ်သည့် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း)၊ နှမ်း၊ မြေပဲ၊ စပါး၊ ကော်ဖီတို့အတွက် လမ်းညွှန်ချက် (Guide Line)များ ရေးဆွဲ ထုတ်ပြန်ထားပြီးဖြစ်သည်။

 

ကျွန်မတို့က တစ်ကမ္ဘာလုံးနဲ့ ယှဉ်နေရတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့စံကို မီဖို့လိုပါတယ်။ ဖွံ့ဖြိုးပြီး ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ပါတယ်။ သူတို့သုံးတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာ အလေးထားပြီး လေ့လာပါတယ်။ ကျွန်မတို့နိုင်ငံကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေဟာ ကမ္ဘာက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကမ္ဘာ့ ဈေးကွက်မှာ ထဲထဲဝင်ဝင် တိုးဖို့ဆိုတာ ခက်သွားပါလိမ့်မယ် ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားထားသည်။ နိုင်ငံတစ်ဝန်း လုံးတွင်ရှိနေသည့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား ကြီးများအားလုံးကို အသိပေးပြောကြားခြင်းလည်း ဖြစ်သည့်အလျောက် မိမိတို့ ထုတ်လုပ်လိုက်သည့် စားသုံးသီးနှံများ ဘေးကင်းအာဟာရပြည့်ဝ ဈေးကောင်းရခြင်းဖြင့် အတ္တပရနှစ်ဖက်အကျိုးစီးပွားတို့ကို ရရှိနိုင်ကြ ပါစေကြောင်း။ ။

 

မြန်မာ့အလင်း