နေပြည်တော် ၂၉ ဇွန်

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့ အနောက်တောင်ဘက် ၁၆ မိုင်၃ ဖာလုံအကွာတွင် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းဖွင့်ပွဲကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် တီထွင်ဆန်းသစ်မှု ကဏ္ဍသစ်တစ်ခုကို ပထမဆုံးစတင်ဖွင့်လှစ်သည့် နေ့တစ်နေ့ဟု ဆိုရမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံတွင် အမြဲတမ်း ဆန်းသစ်တီထွင်နိုင်မည့် စိတ်ဓာတ်များ လိုအပ်နေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပတ်ဝန်းကျင် အခြေအနေနှင့်လိုက်၍ လုပ်ရပါကြောင်း၊ ယခုဆိုလျှင် နေရောင်ခြည် ဓာတ်အားပေးစနစ်နှင့်ပတ်သက်၍ အားနည်းချက်များ ရှိသည်ဆိုသော်လည်း ဓာတ်အားပေးစနစ်များ အားလုံးလိုလိုတွင် သူ့အားနည်းချက်နှင့်သူ ရှိသလို၊ အားသာချက်လည်း ရှိပါကြောင်း၊ ယင်းတို့ အားလုံးကိုတွက်၍ အကောင်းဆုံးရွေးချယ်ကာ လုပ်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာ့ရာ သီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်း၊ ပျက်စီးခြင်းများကြောင့် မိမိတို့နိုင်ငံတွင် အဓိကအားထား လုပ်ကိုင်နေသော ရေအားလျှပ်စစ် ဓာတ်အားပေးစနစ်များသည် လုံခြုံစိတ်ချမှု၊ ရေရှည်ရရှိနိုင်မှု ရှိ၊ မရှိတို့ကို ဆန်းစစ်လေ့လာကြည့်ရမည်ဖြစ်ပြီး အခြေအနေ တစ်ရပ်ရပ်ကြောင့် ရေအားအသုံးပြုမှု အခက်အခဲရှိနိုင်သည်ကို သတိမူရမည်ဖြစ်သည်။ ထို့ကြောင့် အချိန်ကာလ ပြောင်းလဲသည်နှင့်အမျှ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲသည်နှင့်အမျှ မိမိတို့၏ နည်းပညာများကို ပြောင်းနိုင်သည့်၊ ပြောင်းရဲသည့် အရည်အချင်းရှိရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။

ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား ရရှိရေးကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိကြရာ လေအားလျှပ်စစ်နှင့် နေအားလျှပ်စစ်တို့သည် အရင်းအနှီး အကြီးမားဆုံးဖြစ်ပြီး ရေအားလျှပ်စစ်သည် အရင်းအနှီး အသက်သာဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ကို အဓိက အားထားအသုံးပြုလျက်ရှိရာ ရာသီဥတု ပြောင်းလဲမှုနှင့်ကြုံတွေ့သော အခါတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်သည်ကို ဓာတ်အား ပြတ်တောက်မှုများက သက်သေပြနေပါသည်။

ရေအားလျှပ်စစ်သည် မိုးရေ၊ သဘာဝရေကို အဓိကအားထားရသောကြောင့် မိုးခေါင်သည့်ရာ သီကာလတွင် ပြဿနာရှိနိုင်ပါသည်။ ဓာတ်အားပေးစီမံကိန်းတွင် ရေမရှိလျှင် လျှပ်စစ်ဓာတ်အား ရရှိတော့မည် မဟုတ်ပါ။ ယခုအခါ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ကို တစ်လှည့်စီ ကြုံတွေ့နေပါသည်။ ယင်းကိုသတိမူ၍ အခြားသဘာဝစွမ်းအင်မှ ရရှိနိုင်မည့် နည်းလမ်းများကို တီထွင်ကြံဆ လုပ်ကိုင်ကြရမည်ဖြစ်ပါသည်

နေရောင်ခြည် သုံးစွမ်းအင်လုပ်ငန်းသည် အရင်းအနှီး ကြီးမားသည်ဆိုသော်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်လိုအပ်သည့် နေရောင်ခြည်စွမ်းအင်ကို စဉ်ဆက်မပြတ် ရရှိနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှားသည့် ဒေသကြီးဖြစ်၍ နေရောင်ခြည်စွမ်းအင်ကို လုံလောက်အောင် ထုတ်လုပ်နိုင်ပြီး ထိုဒေသပတ်ဝန်းကျင်နေ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် အရန်ဓာတ်အားပေးစနစ်၊ ဖြည့်စွက်ဓ ာတ်အားပေးစနစ် ပြုလုပ်ပေးနိုင်ပါသည်။

နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံသည် အခြားဓာတ်အား ပေးစက်ရုံများကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်းပြုပြင်မှု စရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချပေးနိုင်ခြင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေသော စွန့်ထုတ်မှုနည်းပါးခြင်း စသည့် အားသာချက်များစွာရှိပြီး အခြားဓာတ်အားပေးစနစ်ထက် အားနည်းချက်များကို နည်းပညာသစ်များ ပေါ်ထွန်းလာသည်နှင့်အမျှ ဖယ်ရှားသွားနိုင်မည်ဟု မျှော်လင့်ပါသည်။

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲလာမှုကြောင့် ပေါ်ပေါက်လာနိုင်သော သဘာဝ အခြေအနေပြောင်းလဲမှုများကို သတိမူ၍ နည်းပညာတီထွင်ဆန်းသစ်မှုကို အခြေခံသည့် နေရောင်ခြည်သုံး ဓာတ်အားပေးစနစ်သစ်ပေါ်ထွန်းလာမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း။ ။

ကြေးမုံ