လင်းသူ

ကလောအလွန် တစ်ဘူတာဆိုတဲ့ ရုပ်ရှင်ကားကြီး ကြည့်ခဲ့ဖူးပါတယ်။ ကြာပါပြီ။ ဖြူမည်းခေတ်ကရိုက်ခဲ့တဲ့ ဇာတ်ကားပါ။ သေသေချာချာတောင် မမှတ်မိတော့ပါဘူး။ ဟိုတစ်လောက ရုံးကအစ်မတစ်ယောက်ပေးဖတ်လို့ ကလော နောက်ခံဝတ္ထုတစ်ပုဒ် ဖတ်ဖြစ်လိုက်ပါသေးတယ်။ ‘နားစွင့်ကြားဟန်ရင်ခုန်သံ’ နဲ့ ‘နူးညံ့စိတ်ထားနှလုံးသား’ အမည်ရတဲ့ ဘာသာပြန်စာအုပ်ပါ။ ဂျာမနီနိုင်ငံသားစာရေးဆရာက မြန်မာပြည် ကလောမြို့နောက်ခံရေးထားတဲ့ဝတ္ထုကို ဆရာသင့်လူ ဘာသာပြန်ပေးထားပါတယ်။ ကိုယ့်နိုင်ငံအကြောင်းကို ကိုယ့်ထက်သိနေတဲ့ စာရေးဆရာပါပဲ။ ကလောမှာ အကြာကြီးနေပြီးရေးထားတာလို့ ဆိုပါတယ်။ စာအုပ်က နှစ်အုပ်တွဲပါ။ တတိယတွဲထပ်ရေးဖို့ ကြိုးစားနေတယ်လို့ပြောပါတယ်။ ကိုယ်တွေစာတစ်မျက်နှာရေးဖို့ ချွေးကျနေတဲ့အချိန် သူကကိုယ့်ဒေသအကြောင်း မဟုတ်တာကို သုံးအုပ်တွဲဖြစ်ဖို့ လုံးပန်းနေတာတဲ့။ လေးစားစရာရယ်လေ။ ရုပ်ရှင်ထဲက ရိုက်ကွင်းတွေမှာရော၊ စာထဲကအဖွဲ့တွေမှာရော ကလောဟာ သိပ်လှပါတယ်။ စာဖတ်နေရင်း အေးစိမ့်နေတဲ့ အရသာ၊ တိတ်ဆိတ်ငြိမ်သက်တဲ့အတွေ့ကို ပေးပါတယ်။ ကလောကိုသွားချင်စိတ် ဖြစ်မိပါတယ်။ ရောက်ဖူးချင်ပါတယ်၊ လမ်းတွေလျှောက်ချင်မိပါတယ်။ ကလောအလွန်တစ်ဘူတာမှာ ဘာတွေရှိပါသလဲ စူးစမ်းချင်စိတ်အပြည့်နဲ့ပါ။

လွန်ခဲ့တဲ့ တစ်ရာသီလောက်က ကျွန်တော့်ရုံးက သူငယ်ချင်းတွေ အဖွဲ့လိုက် ကလောခရီးကိုထွက်ကြပါတယ်။ သူတို့သိပ်ပျော်နေတဲ့ ဓာတ်ပုံတွေလူမှုကွန်ရက်မှာ အပုံလိုက်အထွေးလိုက် မြင်ခဲ့ရပါတယ်။ ပြန်လာတော့လည်း ကလောက သိပ်လှတဲ့အကြောင်း၊ မိုင် ၂၀ လောက် လမ်းတွေလျှောက်ကြရတဲ့အကြောင်း၊ လမ်းမှာ လိမ္မော်ခင်း လက်ဖက်ခင်းတွေက တစ်မျှော်တစ်ခေါ် ကြည့်လို့မဆုံးကြောင်း၊ လည်ပတ်စရာတွေ အများကြီးရှိတဲ့အကြောင်း ပြောလို့မဆုံးနိုင်ကြပါဘူး။ သူတို့ရဲ့အတွေ့အကြုံတွေ ပြန်ကြားရတာ ကိုယ်မရောက်ဖူး တဲ့သူတောင် ရောပြီးပျော်ရွှင်စရာရယ်ပါ။ အပျော်တွေကူးစက်ပြီး သူငယ်ချင်း တွေရဲ့ ပြန်ပြောစကားလေးတွေကို စာစီကြည့်ရင်း ကိုယ်တိုင်ရောက်ချင်စိတ်တွေပြင်းပြနေမိပါရဲ့။

ရန်ကုန်ကနေထွက်ခွာပြီ

ကလောကိုသွားဖို့ဆိုရင် ရန်ကုန်ကနေ တောင်ကြီးကားကို စီးရပါတယ်။ ကလောဆိုတဲ့ အေးချမ်းတဲ့ မြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှိနေတာလေ။ ကယားပြည်နယ် လွိုင်ကော်ကိုသွားမယ်ဆိုရင်လည်း ကလောကို ဖြတ်ရပါတယ်။ ရန်ကုန်တောင်ကြီးကားလမ်းဟာ တောင်ပေါ်လမ်းဆိုပေမယ့် သွားလာရလွယ်ကူပါတယ်။ လမ်းကောင်းပြီး ခရီးသွားကားကြီးတွေက အဆင့်မြင့်တာကြောင့် သက်သောင့်သက်သာပါပဲ။ ရန်ကုန်ကနေ ည ၇ နာရီခွဲထွက်ရင်နောက်နေ့မနက် ၄ နာရီဆိုရင် ကလောမြို့ကို ရောက်ပါပြီ။ ရန်ကုန် ကလော ကားလိုင်းမရှိတာကြောင့် တောင်ကြီးကားစီးပြီး လမ်းမှာဆင်းရပါတယ်။ ကလောကို မနက်စောစော ရောက်ပြီဆိုတာနဲ့ တည်းခိုခန်း ဒါမှမဟုတ် ဟိုတယ်ရှိရာကို သွားရမှာပါ။ လမ်းမကြီးရဲ့ဘေးက ဟိုတယ်ကို ကြိုတင်ချိတ်ဆက်ထားမယ်ဆိုရင် အဝေးပြေးကားကို ဟိုတယ်ရှေ့ရပ်ခိုင်းလိုက်ရုံပါပဲ။ ကားပေါ်ကဆင်း ဟိုတယ်ခန်းထဲဝင် တစ်ညလုံးအိပ်ရေးပျက်ခဲ့သမျှ စောင်ခြုံပြီးသား အိပ်ချလိုက်ပေတော့။ ကလောမြို့က အေးပါတယ်။ အချိန်တိုင်းအေးနေတယ်လို့ပြောလို့ရပါတယ်။ အနွေးထည်ထူထူယူသွားဖို့ လိုပါတယ်။ နှင်းဖွဲဖွဲတွေက ကျနေတတ်တာကြောင့် ခေါင်းစွပ်တို့၊ ဦးထုပ်တို့လိုပါတယ်။ မဟုတ်ရင်တော့ အအေးမိ နှာစေး ချောင်းဆိုးဖြစ်မှာအမှန်ပါ။ ကလောရောက်ရင် ဘာလုပ်မယ်၊ ဘယ်လိုဖြတ်သန်းမယ်ဆိုတာ မရောက်ခင်ကတည်း က အစီအစဉ်ဆွဲထားဖို့ လိုပါတယ်။ ကိုယ်တိုင်ဦးဆောင်နိုင်ဖို့ အခက်အခဲရှိမယ်ဆိုရင် ဒေသခံလမ်းပြတွေကို ငှားပြီး ဆောင်ရွက်ရမှာပါ။ ကိုယ်တိုင်ဦးဆောင်နိုင်ဖို့ အခက်အခဲရှိမယ်ဆိုရင် ဒေသခံလမ်းပြတွေကိုငှားပြီး ဆောင်ရွက်ရမှာပါ။ သူတို့ကို Trekking Guide လို့လည်း ခေါ်ကြပါတယ်။ Guide နဲ့ဆိုတော့ အချိန်ကုန်သက်သာပြီး လိုအပ်တာ အားလုံးကိုယ်တိုင် စီစဉ်စရာမလိုတော့ဘူး။

ကလောရောက်ပြီဆိုရင်

စောစောကပြောသလို မနက်စောစောရောက် တည်းခိုဆောင်မှာချမ်းချမ်းနဲ့ ဝင်ကွေးပြီးလို့ တစ်ရေးလောက်ရပြီဆိုရင် လည်ပတ်ဖို့လုပ်ရတော့မှာပါ။ ကလောကနေ အင်းလေးကို ကားနဲ့သွားရင် နှစ်နာရီလောက်ပဲ အချိန်ပေးရပါတယ်။ တစ်ရက်တာအတွင်း အင်းလေး၊ ပင်းတယ၊ ရေပြာအိုင်၊ မြင်းမထိတောင်နဲ့ ကလောမြို့တွင်း လည်ပတ်လို့ရပါတယ်။ နံနက်စာအတွက် ကလောဈေးထဲမှာ ရှမ်းခေါက်ဆွဲစားလို့ အဆင်ပြေပါတယ်။ ကလောမှာ ငါးရက်တစ်ဈေးဆိုတာရှိပါတယ်။ ငါးရက်တစ်ဈေးနဲ့တိုက်တဲ့ နေ့ဆိုရင် တောဒေသခံဈေးသည်တွ ရောင်းချတဲ့တောဟင်း၊ တောစာလေးတွေနဲ့ ငါးရက်တစ်ဈေးရဲ့ ဓလေ့ကို မြင်တွေ့လေ့လာခွင့်ရမှာပါ။ မနက် ၈ နာရီလောက်ကနေ ကလောကထွက်ပြီး နီးစပ်ရာတွေကို လည်ပတ်မယ်ဆိုရင်ညနေ ၅ နာရီလောက် ပြန်ရောက်နိုင်ပါတယ်။ နေ့လယ်စာကို ပင်းတယအထွက်ကဆိုင်မှာ ကောင်းတယ်လို့ သိရပါတယ်။ ရှမ်းပြည်ရောက်တော့လည်း ရှမ်းစာပေါ့။ မိုးညို့ညို့မှိုင်းမှိုင်းနဲ့ ကြည့်လေတိုင်း လွမ်းစရာကောင်းတဲ့ ကလောဝန်းကျင်က တကယ့်ကို သာသာယာယာဖြစ်နေမှာပါ။ ညနေစောင်း တစ်ရက်တာ အလည်ခရီးပြီးပြီဆိုရင် မနေ့ကညဘက် အိပ်ရေးမဝထားတာရယ် တစ်ရက်တာလုံး ခရီးတိုတစ်ခု ထပ်ထွက်တာကြောင့် စောစောအိပ်ရာဝင်သင့်ပါတယ်။ ညနေစာကို ကလောမြို့ထဲမှာပဲ စောစောစား သောက်ပြီးတာနဲ့ အိပ်ရာဝင် မီးမှိတ်ပြီးနောက် တစ်ရက်အတွက် အားမွေးလို့ အနားယူသင့်ပြီထင်ပါတယ်။

ကလောရဲ့ လမ်းလျှောက်ခရီးစဉ်

နာမည်ကျော် လမ်းလျှောက်ခရီးစဉ်ကို ကလောရောက်ပြီး နောက်တစ်မနက်မှာ စတင်ရပါတော့မယ်။ မနက် ၆ နာရီအိပ်ရာထ၊ ကိုယ်လက်သန့်စင်ပြီး တစ်ရက်တာအတွက် အဝတ်အစားကို ကျောပိုးအိတ်ထဲထည့်၊ လိုအပ်တဲ့ အသုံးအဆောင် အားလုံးထည့်ပြီး လာခေါ်မယ့်လမ်းပြကို စောင့်ရပါမယ်။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဝတ်စုံဝတ်ထားဖို့တော့ လိုပါလိမ့်မယ်။ အရေးကြီးတာဖိနပ်ပါပဲ။ အသစ်ဝယ်လာပြီး စီးရင် အဆင်ပြေမှာမဟုတ်ဘူး။ လမ်းက တစ်နေကုန်လျှောက်ရမှာဆိုတာ့ ဖိနပ်ပေါက်ရင်သွားပြီလေ။ အဲဒီတော့ အရင်စီးနေတဲ့ တောစီးအဟောင်းလေး ဖြစ်ဖြစ်၊ ကင်းဘတ်လေးဖြစ်ဖြစ် လိုအပ်ပါလိမ့်မယ်။

အဓိကတော့ ကိုယ်နဲ့ သက်သောင့်သက်သာ ဖြစ်စေမယ့်လမ်းလျှောက်ဖိနပ်ကလေး ဖြစ်နေဖို့ပါပဲ။ အပိုအနေနဲ့ ခြေညှပ်ဖိနပ်တစ်စုံလည်း လိုလိုမယ်မယ် ထည့်သွားသင့်ပါတယ်။ လမ်းမှာ မတော်တဆ ဖိနပ်ပေါက်ခဲ့ရင်လည်း စီးနိုင်ဖို့ပါ။ သောက်ရေ၊ ဆေးဝါး၊ စားစရာအတိုအစကတော့ နည်းနည်းပါးပါးထည့်သယ်ခဲ့ဖို့ လိုပါလိမ့်မယ်။ လမ်းလျှောက်ခရီးစဉ်မှာ ဘယ်နှရက်လောက် လျှောက်မှာလဲဆိုတာ ဆုံးဖြတ်ပြီးသားဖြစ်ရမှာပါ။ ကိုယ်ဘယ်နှရက် အချိန်ပေးမှာလဲ၊ ပြန်မယ့်ရက်က ဘယ်ရက်မှာလဲ၊ ဒီမှာဘယ်လောက်ကြာကြာနေမှာလဲ၊ ဒါတွေက ကြိုတင်စီစဉ်ထားရမယ့်အရာတွေပါ။ နေ့ချင်းပြန် လမ်းလျှောက်ခရီးရှိသလို တစ်ညအိပ် နှစ်ညအိပ် ခရီးတွေရှိပါတယ်။ များသောအားဖြင့်တစ်ညအိပ် လျှောက်ကြတာများတယ်လို့ သိရပါတယ်။

စပြီးလမ်းလျှောက်ပြီဆိုတာနဲ့ ဟိုတယ်ရှေ့ကနေ ကလောမြို့ပြင်ဘက်ကို ထွက်လာကြရတာပါ။ ထင်းရှူး တောတန်းတွေ၊ မြေနီလမ်းတွေ၊ စိမ်းစိုနေတဲ့ စပါးခင်းတွေ၊ လိမ္မော်စိုက်ခင်းတွေ၊ လက်ဖက်ခင်းတွေနဲ့ အေးမြလတ်ဆတ်တဲ့ လေနုအေးကို ရှူရှိုက်ပြီး တောသဘာဝ တောအလှတွေ တရှိုက်မက်မက်ခံစားပြီး လွတ်လွတ်လပ်လပ် လျှောက်သွားနေရတဲ့ အရသာကို ရရှိနိုင်တာကတော့ တကယ့်အနှစ်သာရပါပဲ။ လမ်းမှာ သစ်တော ကြိုးဝိုင်းတစ်ခုနဲ့ တိုးပါလိမ့်မယ်။ ရေအေးကြိုးဝိုင်းလို့ခေါ်ပါတယ်။ လမ်းကြောင်းက နှစ်ခုရှိပါတယ်။ ကြိုးဝိုင်းထဲက လမ်းရယ်၊ အပြင်ဘက်ကလမ်းရယ်။ အပြင်လမ်းအတိုင်း သွားမယ်ဆိုရင် လမ်းသာပြီး နားမယ့်နေရာကို မြန်မြန်ရောက်ပါတယ်။ အတွင်းလမ်းဆိုရင် လမ်းကြမ်းမယ်၊ တောင်ကုန်းလေးတွေကို ဖြတ်ရမယ်၊ ချောင်းငယ်လေးတွေကို ဖြတ်သွားရပါတယ်။ အချိန်ကတစ်နာရီခွဲလောက် ကွာတတ်ပေမယ့် အများစုကတော့ လမ်းကြမ်းကိုပဲ ရွေးလေ့ရှိကြပါတယ်။ လမ်းမှာ အင်္ဂလိပ်ခေတ်ကတည်းက ဖောက်ထားခဲ့တဲ့ ရထားလမ်းကိုလည်း ဖြတ်သွားရပြီး အမှတ်တရဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။ နားရမယ့်နေရာကတော့ View Point ရှိတဲ့ နေရာမှာပါ။ အဲဒီမှာပဲနေ့လယ်စာအတွက် ပြင်ဆင်ထားပါတယ်။ ဆိုင်ရယ်လို့တော့ မရှိပါဘူး။ လိမ္မော်စိုက်ခင်းထဲမှာပါ။ Guide ကစီစဉ်ပေးထားတဲ့ နေ့လယ်စာပါ။ ချာပါတီနဲ့ သစ်သီးတွေကို စားရပါမယ်။ ထမင်းစားချင်တယ်ဆိုရင်တော့ ကြိုပြော ထားရပါလိမ့်မယ်။ View Point  မှာ နေ့လယ်စာစား၊ ခေတ္တနားပြီး လမ်းဆက်လျှောက်ရမှာပါ။

 

mdn

 

နေ့ချင်းပြန်မယ့် လမ်းလျှောက်သူတွေအနေနဲ့ကလောကို ပြန်ရမှာပါ။ ကလောနဲ့ View Point ဟာ လေးနာရီခရီး ရှိတာဆိုတော့ နေ့လယ်စာစားပြီးတာနဲ့ နောက်ပြန်လှည့်ပြီး လာလမ်းကိုပြန်လျှောက်ရမယ်။ ညအိပ်လျှောက်မယ့်သူကတော့ နောက်ထပ် သုံးနာရီလောက် ဆက်လျှောက်ရပါဦးမယ်။ လမ်းမှာ ကယားရွာလေးတွေ၊ ရှမ်းရွာလေးတွေကို ဖြတ်သွားပြီး ညနေ ၆ နာရီလောက်မှာ ညအိပ်တည်းခိုမယ့် မြင်းဒိုက်ဘူတာနားက ရွာပုဆိုတဲ့ရွာကလေးကို ရောက်ပါတော့တယ်။ အဲဒါကလည်း Guide ရဲ့ အစီအစဉ်ပါပဲ။ ညတည်းခိုရာ အိမ်ကနေ မနက်ထ လမ်းထပ်လျှောက်ရပါဦးမယ်။ နောက်ထပ် လေးနာရီလောက် လျှောက်မယ်ဆိုရင် မြင်းမထိဘုရားနဲ့ ဂူကိုရောက်ပါတယ်။ နေ့လယ်စာကို မြင်းမထိဂူမှာ Guide က စီစဉ်ပေးထားပါတယ်။ မြင်းမထိကနေ ကလောကို လာလမ်းအတိုင်း လျှောက်စရာမလိုဘဲ နောက်ထပ်လမ်းကြောင်း တစ်ခုကနေ ရောက်အောင် ပြန်လျှောက်တာကတော့ အဆုံးသတ်ခရီးစဉ်လို့ ဆိုရမှပါ။ မြင်းမထိရောက်ပြီဆိုရင် လမ်းမလျှောက်နိုင်သူတွေ၊ မလျှောက်ချင်တဲ့သူတွေအတွက် ခွေးဘီလူးကားလေးနဲ့ ပြန်လို့ရပါတယ်။ ကားခက ကျပ် ၁၂၀ဝဝ လောက်ရှိပါတယ်။ အဲဒီကားခကတော့ Guide နဲ့ မဆိုင်တော့ပါဘူး။ သူ့အပိုင်းကတော့ ကလောဟိုတယ်ရှေ့ကနေ လမ်းစလျှောက်ပြီဆိုကတည်းက နောက်ဆုံးကလောကို ပြန်ရောက်တဲ့အထိ လမ်းတစ်လျှောက်စားစရိတ်၊ တည်းခိုစရိတ်၊ လမ်းပြစရိတ်အားလုံးကို တာဝန်ယူပေးထားတာပါ။ တစ်ယောက်ကို ဝန်ဆောင်ခအနေနဲ့ ကျပ် ၅၀ဝဝဝ လို့ သိရပါတယ်။ ၅၀ဝဝဝ ဆိုတာက အဖွဲ့လိုက်နှုန်းထားပါ။ တစ်ဦးချင်း နှစ်ဦးချင်းဆိုရင်တော့ ကျပ် ၆၀ဝဝဝ ယူပါတယ်။

အဆုံးသတ်အနေနဲ့

ကလောခရီးစဉ်ကို နှစ်ညအိပ် သုံးရက် ထွက်လာတဲ့သူတွေ တစ်ညအိပ် လမ်းလျှောက်ရင် အဆင်ပြေပါလိမ့်မယ်။ စနေ၊ တနင်္ဂနွေနှစ်ရက်ပဲ အချိန်ပေးနိုင်မယ့်သူတွေအဖို့တော့ နေ့ချင်းပြန် လမ်းလျှောက်တာက အကောင်းဆုံးပါ။ သောကြာနေ့ည တောင်ကြီးကားနဲ့ကလောကိုထွက်မယ်။ စနေနေ့မနက်မှာ ကလောကိုရောက်ပြီ။ စနေတစ်ရက်လုံး ကလောမြို့နဲ့ အနီးနားက လည်ပတ်စရာ နေရာတွေကို ကားနဲ့လျှောက်လည်မယ်။ ကလောမှာ နားပြီးရင် နောက်တစ်ရက် မနက်ကစလို့ လမ်းလျှောက်ထွက်မယ်၊ တစ်ညမအိပ်ဘဲ ညနေပြန်လာမယ်။ ညကားနဲ့ ပြန်မယ်ဆိုတဲ့ အစီအစဉ်ပါ။ နည်းနည်းတော့ ကသီပါတယ်။ ကောင်းတာကတော့ နှစ်ညအိပ်သုံးရက် ပြန်မယ်ဆိုရင် အကောင်းဆုံးပါ။

တစ်ညပဲအိပ်အိပ်၊ နှစ်ညပဲအိပ်အိပ်၊ ဒီနှစ်ထဲမှာတော့ ကလောကို တစ်ခေါက်ရောက်အောင် သွားပါတော့မယ်။

ကြေးမုံ