မင်းလှ    ၂၉     ဇွန် 

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းက ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲစာရင်းတွင်ပါဝင်ခြင်းဖြင့် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေး မရှုံးစေရေး ပြုစုဆောင်ရွက်နိုင်ရန်နှင့် စာရင်းပြုစုဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

သင်တန်းတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ဒုလဝကမှူးဦးဟန်မိုးဦးနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရည်မွန်ဖွေးတို့က ယာယီနေထိုင်သူနှင့် အမြဲတမ်းနေထိုင်သူ စာရင်းများ၊ လူဦးရေစာရင်း ကောက်ယူရာတွင် ဆောင်ရွက်ရမည့် နည်းစနစ်များကို ရှင်းလင်းပို့ချခဲ့ကြသည်။

 

အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)