အိုဆာကာ ၂၉ ဇွန်

 

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပလျက်ရှိသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင်တွေ့ဆုံရာ၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောကြားလိုက်သည်။

 

"သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးရတာ အလွန်ကို ဂုဏ်ယူပါတယ်" ဟု သမ္မတ ဒေါ်နယ်ထရန့်က ဆိုသည်။ မိမိတို့နှစ်ဦးကြား အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

စစ်အေးကာလကတည်းက နှစ်နိုင်ငံဆက်ဆံရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိခဲ့ရာ ယခုအချိန်တွင် ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းသွားကြမည်ဟု ခေါင်းဆောင်နှစ်ဦးက ဆိုသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ လက်နက်ဖျက်သိမ်းရေးနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒဆိုင်ရာ ကိစ္စရပ်များကို အပြုသဘောဆောင်သောနည်းလမ်းများဖြင့် ရလဒ်ကောင်းများထွက်ပေါ်စေရန် ဆွေးနွေး ကြရမည်ဖြစ်ပါကြောင်း သမ္မတ ထရန့်က ပြောကြားခဲ့သည်။

 

ထို့ပြင် လာမည့်အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ပါရန် သမ္မတ ထရန့်က ရယ်မောစွာဖြင့် ပြောကြားခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမှုသည် လွန်ခဲ့သောနှစ်က ဖင်လန်နိုင်ငံ ဟယ်စင်စကီးမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။

 

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဂျပန်သို့မသွားရောက်မီ ခရီးစဉ်နှင့်ပတ်သက်၍ "ကျွန်တော် ရုရှားသမ္မတ ပူတင်နဲ့ အလွန်ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားဖို့ရှိပါတယ်"ဟု သမ္မတ ထရန့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

 

အေအက်ဖ်ပီ