မြစ်ကြီးနား  ၂၉  ဇွန်    

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဇွန် ၂၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံမြောက်ပိုင်းရှိ မေတ္တာရင်ခွင် မိဘမဲ့ဂေဟာသို့ သွားရောက်ပြီး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးဇော်ရာက နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးမှုမဖြစ်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များကို ပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သစ္စာစီမံချက်ဖြင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံမြောက်ပိုင်း မေတ္တာရင်ခွင် မိဘမဲ့ဂေဟာရှိ အသက်(၁၀)နှစ်ပြည့် ကျား ၁၁ ဦး၊ မ ၂၃ ဦး၊ စုစုပေါင်း ၃၄ ဦး အား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ကိုင်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ရာ၏ ပြောပြချက်အရ သိရသည်။ 

 

လှိုင်ဝင်းလေး ( ပုဂံမြေ ) 

 

GGJ.jp