၂၉ ဇွန်

မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး(တောင်ဒဂုံ)ကို ယနေ့ နံနက် ၉ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လှော်ကားလမ်းနှင့် မြိတ်လမ်းထောင့်၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါရုပ်ရှင်ရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယက စည်သူဦးဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် မင်္ဂလာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူ ဦးဗိုလ်ကလေးတင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊   ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း နှင့် မင်္ဂလာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်မင်းတို့က  ဝမ်းမြောက်စကားများ ပြောကြားကြသည်။

 

mdn

 

ယခုဖွင့်လှစ်လိုက်သည့်  မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး (တောင်ဒဂုံ) သည် မင်္ဂလာရုပ်ရှင်အုပ်စု၏ ၂၈ ရုံမြောက် ရုပ်ရှင်ရုံကြီးဖြစ်ပြီး ရုပ်ရှင်ရုံ နှစ်ရုံ၌ လူပေါင်း ၄၆၀ ခန့် တစ်ချိန်တည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများအပြင် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများ၊ တရုတ်၊ အိန္ဒိယအစရှိသည့် အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ရုံသစ်ကြီးတွင် ဇွန် ၂၇ ရက်မှစပြီး “စိန်ဂေါ်လီမယောကျာ်း” ရုပ်ရှင် ဇာတ်ကားနှင့် “သတိအန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားများကိုစတင် ပြသပေး လျက်ရှိသည်။

မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီး (တောင်ဒဂုံ)တွင် တစ်နေ့လျှင် ပွဲချိန် နံနက် ၁၀ နာရီ၊ နေ့လယ် ၁၂ နာရီခွဲ၊ ညနေ ၃ နာရီခွဲ၊ ည ၆ နာရီခွဲနှင့် ည ၉ နာရီခွဲပွဲစဉ် တစ်နေ့ ငါးပွဲနှုန်းဖြင့် လက်မှတ်ဈေးနှုန်းများမှာ ငွေကျပ် ၁၅၀ဝ၊ ကျပ် ၂၅၀ဝ၊ ကျပ် ၃၀ဝ၀၊ ကျပ် ၄၅၀ဝ၊ ကျပ် ၅၀ဝ၀ တို့ဖြင့် ဝယ်ယူကြည့်ရှုနိုင်ပြီး တစ်ပတ်စာ ကြိုတင်လက်မှတ်များကိုလည်း ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

မင်္ဂလာရုပ်ရှင်အုပ်စုက   ရန်ကုန်မြို့   ၁၅ နေရာ၌  ရုပ်ရှင်ရုံ  ၃၁ ရုံ၊ မန္တလေး မြို့ ငါးနေရာ၌  ရုပ်ရှင်ရုံ ရှစ်ရုံ၊ ပဲခူးနှင့် မုံရွာတို့၌ နေရာနှစ်ခုစီ၌ ရုပ်ရှင်ရုံသုံးရုံစီ၊ ပြည်မြို့၌ ရုပ်ရှင်ရုံ သုံးရုံ၊ မော်လမြိုင်၊ မကွေး၊ တောင်ငူမြို့ နေရာတစ်ခုစီ၌ ရုပ်ရှင်ရုံ တစ်ရုံစီဖြင့် စုစုပေါင်း ၅၁ ရုံဖြင့် နိုင်ငံတစ်ဝန်း ပြသဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

သတင်း- ရီရီမြင့် ၊ ဓာတ်ပုံ - ရဲထွဋ်