ထန်တလန် ၂၉ ဇွန်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် "ကျေးလက် ဒေသဖွံဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ မွန်းလွဲပိုင်းက ထန်တလန်မြို့နယ် တလန်ရွာ(က)ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲမှုဥက္ကဌကိုယ်စား မြို့နယ်စီမံကိန်းဦးစီးအရာရှိ ဦးခင်မောင်လေးက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူးဒေါ်ခမ်ငိုက်မန်က မိမိတို့ဌာန အနေဖြင့် ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ ပြည်သူလူထုနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ မိမိတို့ ရပ်ရွာတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူများအကြားတွင်ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏စဉ်းစား တွေးခေါ်မှု မြင့်မားလာစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလာလ်အောင်က ဝဥ စိုက်ပျိုးထုတ်လုပ်မှုအကျဉ်းချုပ်ဖော်ပြကာ မြေနှင့်ရေရှိလျှင် လူတိုင်းအလုပ်ရှိရမည် ဆိုသည့် ခေါင်းစဉ်နှင့်ပတ်သက်၍ လူတိုင်းအလုပ်ရှိစေရေး၊ ဝင်ငွေရရှိရေးကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးပါဟုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တလန်ကျေးရွာနေ ပြည်သူများ၏ လူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ဌာန၏ဆောင်ရွက်ပေးမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် ကျန်းမာရေးမှူး(၁) ဦးချန်ဟူးက H1N1 ရာသီတုတ်ကွေးနှင့်သွေးလွန်တုတ်ကွေးရောဂါ လက္ခဏာများအကြောင်းကို လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ် ဟန်နီက မိခင်နို့ဦးရေအစွမ်းထက်ပုံနှင့် ခံတွင်းကျန်းမာရေးအကြောင်းများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျေးလက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထိုဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ ကျေးရွာနေ ပြည်သူများစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN