မကွေး ၂၉ ဇွန်
၂၀၁၉ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အကြိုလှုပ်ရှားမှု အစီအစဉ်များနှင့် အထိမ်းအမှတ် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးထုတစ်ရပ်လုံး၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာပူးပေါင်းရေး စည်းရုံးလှုံ့ဆော် ဆောင်ရွက်ရန်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်၊ စောင့်ရှောက်မှုများပေးရန်နှင့် အသိပညာပေးရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ကမ်းလင့်ရောင်ခြည်၊ SCVG တို့ ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများနှင့်ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ ပြဇာတ်များ၊ တေးသရုပ်ဖော်များဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် အကြိုလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်အချိန်နှင့် ခရီးတစ်လျှောက် လုံခြုံရေးနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည်စဉ် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ကြီးမှူးကာ ၂၀၁၉ ခုနှစ်၊ မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ဇူလိုင်လ ၁ ရက်နေ့တွင် မကွေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဇူလိုင်လ(၃)ရက်နေ့တွင် မကွေးမြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားဆောင်ရွက်ကာ တိုင်းဒေသကြီးအတွင်း ထူးချွန်အမျိုးသမီးများအား ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


