ရန်ကုန် ၂၉ ဇွန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်ရှိ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ တည်ဆောက်ရန်အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်နေထိုင်ကြသော ပြည်သူများ ရသင့်ရထိုက်သော အခွင့်အရေးများကို သာတူညီမျှ ခံစားရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးဒုက္ခကြုံတွေ့နေကြရသော ပြည်သူများကို ဒုက္ခမှ လွတ်မြောက်အောင် ကယ်ဆယ်ကူညီဆောက်ရွက်ရန် အစိုးရတွင် တာဝန်ရှိကြောင်း၊ လူကုန်ကူးခံရခြင်း သည် မြန်မာနိုင်ငံအတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဘဝ လူနေမှု အဆင့်အတန်း မြင့်မာလာရေး၊ စားဝတ်နေမှု ပြေလည်လာရေး တို့အတွက် ပြည်သူများ အနေဖြင့် အသိ၊ သတိ တို့ဖြင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူကုန်ကူးမခံရအောင် မိမိကိုယ်မိမိ အသိဖြင့် ကာကွယ်ရန် အရေးကြီးကြောင်း၊ လူကုန်းကူမှု တားဆီးကာကွယ်ရေးကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့ခွဲ (၃)ခုအနက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင့်ဆံ့ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်၍ လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ခေတ်နှင့် လျော်ညီစေရန် ပြင်ဆင်၍ ပြန်လည် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ပြီးပါက ယာယီစောင့်ရှောက်ရန် နေရာလိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာကို မန္တလေး၊ မူဆယ်၊ ကော့သောင်း နှင့် မြဝတီတို့တွင် (၄) ခုရှိပြီး ယခုရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်မည့် ဂေဟာသည် (၅) ခုမြောက် ဂေဟာဖြစ်ပါကြောင်း၊ ဤဂေဟာ တည်ဆောက်ခြင်းသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်ကို သိရှိစေ လိုကြောင်း၊ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများသာမက အမျိုးသားများလည်း ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများမှ မြန်မာရေလုပ်သားများ လူကုန်ကူးခံရသူများကို လေကြောင်းဖြင့် ပြန်လည် လက်ခံရခြင်းများလည်းရှိကြောင်း၊ ယာယီစောင့်ရှောက်ရန် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာလို အပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ပူပေါင်းကူညီမှုဖြင့် အစိုးရ၏ စီမံခန့်ခွဲသည့် မြေနေရာတွင် လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာကို ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ရွှေပြည်သာမြို့နယ်တွင် ဤဂေဟာ ဆောက်လုပ်ထားခြင်းကို မြို့နယ်နေ ပြည်သူလူထုက ပူးပေါင်း ကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောက်လုပ်ရေး လုပ်ငန်များလုပ်ဆောင်ရာတွင် အရည်အသွေးကို အဓိကထား ဆောင်ရွက်စေ လိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆောက်အဦ ရေရှည်တည်တံ့ရေး ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာ နေရာများ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြုလုပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီမှုးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး လူမှူဝန်ထမ်း တိုင်းဒေသကြီး ဦးစီမှူးက တိုင်းဒေသကြီးအတွင်း လက်ရှိ ဆောင်ရွက်ထားရှိမှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရာထူးအဆင့်ဆင့်သည် တာဝန်ယူ ဆောင်ရွက်ကြရခြင်း ဖြစ်၍ မိမိတို့၏ ထမ်းဆောင်ရမည့် တာဝန်ကို သိရှိကြရန်လိုအပ်ကြောင်း၊ မိမိတို့ လုပ်ဆောင်မှူများကြောင့် ပြည်သူများ မည်မျှ အကျိုးဖြစ်ထွန်းမှုရရှိသည်ကို သိရှိရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ မူဝါဒများကိုသိရှိပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများကို အလုပ်အကျွေးပြုရမည် ဖြစ်ကြောင်း၊ ငွေကြေး ထောက်ပံ့မှုများတွင် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့ထံသို့ စနစ်တကျ ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ဝန်းထမ်းများသည် ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိ်န်းရမည့် ကျင့်ဝတ်တို့ကို သေချာစွာ မှတ်သား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူများ ပါဝင်ဆောင်ရွက်ရန် ပြည်သူ့ဆန္ဒကို အလေးထားကြရန်လိုအပ်ကြောင်း၊ ဦးဆောင်သူများအနေဖြင့် မိမိနှင့် ပူးပေါင်းဆောင်ရွက်မည့် ဝန်ထမ်းများ၏ အသံကို နားထောင်ကာ လိုက်ပါဆောင်ရွက်နိုင်စေရန် ပံ့ပိုးဖြည့်ဆည်းမှုများပြု လုပ်ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာမှသာ လုပ်ငန်းများ အချိန်မီနှင့် ထိရောက်စွာ ပြီးမြောက်၍ ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့် လုပ်ငန်းလိုအပ်ချက် များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွန်ကြားရေးမှူးချုပ်တို့က ပြန်လည် ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


