ရန်ကုန် ၂၉ ဇွန်
    

အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
    

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာသို့ အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် သွားရောက်ခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် အတွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ သင်ကြားရေးစွမ်းရည်၊ သုတေသန စွမ်းရည်နှင့် စီမံခန့်ခွဲရေးစွမ်းရည်များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

 

ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၂၆-၂၀၂၁)ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုမဟာဗျူဟာစီမံကိန်း၏ အဆင့်မြင့်ပညာကဏ္ဍတွင် မဟာဗျူဟာ(၁)အနေဖြင့် အဆင့်မြင့်ပညာရေး၏ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုအား ကောင်းစေခြင်း၌ လုပ်ငန်းစဉ်(၁)တွင် အလေ့အကျင့်ကောင်းများကို မှတ်သားထားရန်နှင့် မိတ်ဖက်များထူထောင်ရန် နိုင်ငံခြားလေ့လာရေး ခရီးစဉ်များ စေလွှတ်ခြင်း အစီအစဉ် ပါဝင်ပါကြောင်း၊ ယင်းအစီအစဉ်အရ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအား ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာ အဆင့်မြင့်ပညာကဏ္ဍ၌ ကျင့်သုံးနေသည့် အလေ့အကျင့်ကောင်းများနှင့် ထိတွေ့မှုရှိစေရန် လေ့လာရေးခရီးစဉ်များကို စီစဉ်စေလွှတ်လျက်ရှိပါကြောင်း၊ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသောအခါ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး ရရှိလာသည့် အတွေ့အကြုံများကို အဆင့်မြင့်ပညာကျောင်းများသို့ ဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ ဧပြီမှ ယနေ့အထိ (၃)နှစ်တာကာလအတွင်း နိုင်ငံတကာသင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် အစည်းအဝေး၊ ညီလာခံများသို့ (၃၃၁၈)ဦး စေလွှတ်ခဲ့ပါကြောင်း။
    

 

သုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ခြင်း လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဝိဇ္ဇာသိပ္ပံပတက္ကသိုလ်များမှ စာတမ်း(၁၉၇၆)စောင်၊ နည်းပညာတက္ကသိုလ်များမှ စာတမ်း(၁၄၅၈)စောင်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဝိဇ္ဇာသိသိပ္ပံပတက္ကသိုလ်များမှ စာတမ်း(၂၃၆၃)စောင်၊ နည်းပညာတက္ကသိုလ်များမှ စာတမ်း(၂၂၆၃)စောင် ရေးသားနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အတွေ့အကြုံ ရှင်းလင်းပွဲတွင် ဆွေးနွေးသည့် ခေါင်းစဉ်များသည် အတွေ့အကြုံရှိသည့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ ပါမောက္ခများ၏ ရှင်းလင်းဆွေးနွေးမှုဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများကို အထောက်အကူပြုသည့် အကြံပြုချက်များ ရရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

 

mdn


    

 

ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က အမှာစကားပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက အတွေ့အကြုံရှင်းလင်း ဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗြိတိသျှကောင်စီမှ ပညာရေးဒါရိုက်တာ Ms.Rebecca Picton က “Global for Local Benefit” ခေါင်းစဉ် ၊ မန္တလေးနည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “ဗီယက်နမ်အမျိုးသား တက္ကသိုလ်များ ထူထောင် ခြင်းအတွေ့အကြုံများ” ခေါင်းစဉ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးကျော်စွာစိုးက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ကွေ့ကျိုးပြည်နယ်နှင့်အန်ဟွေ့ ပြည်နယ်များရှိ တက္ကသိုလ်များသို့ လေ့လာရေးခရီး သွားရောက်ခဲ့ခြင်းအပေါ် သုံးသပ်တင်ပြခြင်း”ခေါင်းစဉ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက “Thoughts and Ideas after Going Global” ခေါင်းစဉ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က “ASEAN High Performance Computing(HPC) Taskforce’s Activities” ခေါင်းစဉ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီလွင်က “International Experiences on Higher Education Development Programs” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကြသည်။ 

 

ဆက်လက်၍ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က “Germany နိုင်ငံနှင့် South-East-Asia နိုင်ငံများ၏အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ” ခေါင်းစဉ်၊ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက “Preparation for Effective Teaching” ခေါင်းစဉ်၊ နည်းပညာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးသူ က “Global China: Builder of Global Universities with Local Values”ခေါင်းစဉ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်သန့်စင်က “Open and Distance Education of SEAMEO SEAMOLEC member countries” ခေါင်းစဉ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစိုးသူ က “Myanmar’s Higher Education Reform: Which Way Forward ” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရရှိချက်အား ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆင့်မြင့် ပညာရေးပုဂ္ဂလိက ကျောင်းများ ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)